တိုင်းဒေသကြီးဝန်ကြီးချုပ် အမရပူရမြို့နယ်၊ ရွှေဂဲရေထိန်းတံခါးအနီး မန္တလေး-စစ်ကိုင်းမြို့ပတ်ကမ်းနာလမ်း တာရိုးကျိုးပေါက်မူကြည့်ရှု့စစ်ဆေး၍
ယာယီကယ်ဆယ်ရေးစခန်းများတွင် ရေဘေးရှောင်ပြည်သူများအတွက် စားရေးရိက္ခာများ စီမံဆောင်ရွက်ပေး
******************************************************************
၂ဝ၂ဝပြည့်နှစ်၊ ဇူလိုင်လ ၂ဝ ရက်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ၂ဝ၂ဝပြည့်နှစ်၊ ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် ၆ နာရီခွဲက အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ မန္တလေး-စစ်ကိုင်းမြို့ပတ်လမ်း၊ ရှမ်းကလေး ကျွန်းနှင့်ရွှေဂဲအကြားရှိ ရွှေဂဲရေထိန်းတံခါး အနီးတွင် မြစ်ရေ ယိုစိမ့်မူမှတစ်ဆင့် ယင်းကမ်းနားလမ်းတာရိုးကျိုးပြတ်မူ အခြေအနေ၊ မြစ်ရေဝင်ရောက်မူကြောင့် အနိမ့်ပိုင်းနေရာရပ်ကွက်များရှိ အိမ်ထောင်စုဝင်မိသားစုများအား ယာယီ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းအစီအမံများနှင့် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းများကိုသွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။
ဇူလိုင်လ ၁၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်က အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စုအတွင်းရှိ တည်ဆောက်ဆဲ ရွှေဂဲရေထိန်းတံခါးအနီး မန္တလေး-စစ်ကိုင်းသွား မြို့ပတ်ကမ်းနားလမ်း အောက်ခြေမှရေများစတင်ယိုစိမ့်ထွက်ရှိလာပြီး တဖြည်းဖြည်းမြစ်ရေစိမ့်ဝင်လာမူကြောင့် ဇူလိုင်လ ၂ဝ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် ၎င်းနေရာမြို့ပတ်လမ်းသည် အကျယ် ၁ဝ ပေခန့်အထိ တာရိုးကျိုးပြတ်ပြီးမြစ်ရေများအနိမ့်ပိုင်း ရပ်ကွက်နေရာများသို့ ဝင်ရောက်မူများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ တာရိုးကျိုးပြတ်သည့် နေရာသို့ ရောက်ရှိလာရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဌ၊ ဒုတိယ မြို့တော်ဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ ရေထိန်းတံခါးအနီး၌ မြို့ပတ်လမ်းတာရိုးအောက်ဂလိုင်ပေါက်မှ မြစ်ရေ စတင်စီးဝင်ပြီးတာရိုးကျိုးပေါက်မူ ဖြစ်စဉ်များ၊ ယင်းကျိုးပေါက်မူကို ပြင်ဆင်ထိန်းသိမ်းနိုင်ရန် ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့တို့မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့နှင့် လူမူကယ်ဆယ်ရေးအဖွဲ့များက လူအင်အား၊ စက်အင်အားတို့ဖြင့် တားဆီးပိတ်ပင်ရန် တက်ညီလက်ညီကြိုးစားလုပ်ဆောင်နေမူအခြေအနေ၊ လက်ရှိအခြေအနေတွင် ရေဝင်ရောက်ရှိနေသည့် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများမှ ပြည်သူများအား သတ်မှတ်ကယ်ဆယ်ရေးစခန်းနေရာသို့ ပြောင်းရွှေချထားမည့် အစီအမံများကို လိုက်ပါ ရှင်းလင်းပြသခဲ့ကြသည်။
ထိုနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ရေကျိုးပေါက်သွားသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မူအခြေအနေများ၊ ဧရာဝတီ မြစ်ရေအခြေအနေ တို့ကိုလိုက်လံကြည့်ရှု့ကာ တာပေါက်ကျိုးသည့်နေရာအား လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်၍ အမြန်ဆုံးထိန်းချုပ်ပြင်ဆင်သွားရေး၊ ရေဘေးရှောင်ပြည်သူများအတွက် ယာယီနေရာချထားရေး၊ စားရေးရိက္ခာ အတွက်စီစဉ်သွားရန်နှင့် CONVID-19 ရောဂါနှင့်စပ်လျဉ်း၍လည်း သတ်မှတ်လမ်းညွှန်ချက် များနှင့်အညီ စနစ်တကျစီစဉ် ဆောင်ရွက်သွားရန်နှင့် အသိပညာပေးလုပ်ငန်းများပါ ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကမ်းနားလမ်းတာရိုးကျိုး ပေါက်မူကြောင့် ဇူလိုင်လ ၂ဝ ရက်နေ့ နံနက်ပိုင်းထိ အမရပူရမြို့နယ်အနိမ့်ပိုင်းရပ်ကွက်အတွင်းရှိ ယာဉ်တော်ကျေးရွာအုပ်စု၊ မှန်တန်းရပ်ကွက်၊ ကျန်တန်းရပ်၊ ဈေးချိုရပ်ကွက်တ်ို့ရှိ ရေဘေးရှောင်ပြည်သူ(၄ဝဝဝ)ကျော်အား မန္တလေး-စစ်ကိုင်းလမ်း(တာရိုး) ရေလဲကျောင်းတွင်(၂)နေရာ၊ သကျမဥ္စူဘုရားဝန်း၊ ရန်အောင်မြင်ဓမ္မာရုံ၊ သက်တော်ရသက်တော်ရှည်ဘုရားဝင်း၊ မိုးကောင်းဓမ္မာရုံ၊ မန်ကျည်းတောဘုန်းကြီးကျောင်း၊ ရှင်ပင်ဆပ်သွားဓမ္မာရုံ တို့တွင် (၆)နေရာ၊ ပွဲတော်ဘုန်းတော်ကြီးကျောင်း၊ ကျန်တန်းရပ်ဓမ္မာရုံ၊ ပေါက်ပေါက်တန်းဓမ္မာရုံနှင့်ဈေးချိုရပ်ကွက်တို့တွင် (၃) နေရာစုစုပေါင်း (၁၄)နေရာတို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့ နံနက်ပိုင်းအထိ ယာယီ်ကယ်ဆယ်ရေးစခန်းများဖြင့် စီမံထားရှိဆောင်ရွက်လျှက်ရှိပြီး ထပ်မံစာရင်းရရှိမည့် ရေဘေးရှောင်ပြည်သူ များအတွက်လည်း တာဝန်ရှိသူ များက စာရင်းမှတ်တမ်းပြုစုကာ သက်ဆိုင်ရာယာယီကယ်ဆယ်ရေးစခန်းများတွင်ထားရှိရန်စီစဉ်လျှက်ရှိပါသည်။