မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာမုနိဘုရားကြီးပိဋကတ်တိုက်တော်အား မူလပုံစံအဆင့်မြှင့်တင်ပြုပြင်ခြင်းပြီးစီး၍ ပြခန်းအတွင်းပြသပစ္စည်းများ ခင်းကျင်းထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်

မဟာမုနိဘုရားကြီးပိဋကတ်တိုက်တော်အား

မူလပုံစံအဆင့်မြှင့်တင်ပြုပြင်ခြင်းပြီးစီး၍

ပြခန်းအတွင်းပြသပစ္စည်းများ ခင်းကျင်းထားရှိမှု အခြေအနေအား လိုက်လံကြည့်ရှု

မန္တလေး၊ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ညနေပိုင်းက မဟာမုနိ ပိဋကတ်တိုက်တော်ကြီးအား မူလပုံစံအဆင့်မြှင့်တင်ပြုပြင်ခြင်းပြီးစီး၍ ပြခန်းအတွင်း ပြသပစ္စည်းများ ခင်းကျင်းထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိရုပ်ရှင်တော်မြတ် ကြီးအားဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်းများဆက်ကပ်လှူဒါန်းပြီး ဘုရားကြီးဂေါပက အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံရာ ဂေါကပအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိဋကတ်တိုက်တော်အား Mother Group of Companies က မူလပုံစံမပျက် အကြီးစားပြင်ဆင်မှု ပြုလုပ်ပြီးစီး ၍ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများအတွက် ရေရှည်ခံအောင် ထိန်းသိမ်းဆောင်ရွက် ထားရှိမှု၊ ကျွန်းခုံပေါ်ရှိ ပြသပစ္စည်း ရှေးဟောင်းပေ၊ ပုရပိုက်များအား မှန်အုပ်ဆောင်း အတွင်း လေအဝင်အထွက်ရရှိစေရန် စီမံထားရှိမှု၊ ကျန်ရှိ ပေစာ၊ ပုရပိုက်စာနှင့် ကမ္မဝါတို့ကို ပြခန်းရှိဘီရိုများ၌ စနစ်တကျထိန်းသိမ်းကာ ပြသထားရှိမှု၊ ပြသပစ္စည်း များ၏ ရှင်းလင်းချက်စာသားများကို မြန်မာ-အင်္ဂလိပ်(၂)ဘာသာဖြင့် ဖတ်ရှုနိုင်သည့် အပြင် QR စနစ်များဖြင့် လေ့လာဖတ်ရှုနိုင်ရန်နှင့် E-Library အခန်းအတွင်း၌ အကြောင်းအရာ အပြည့်အစုံကို လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်းနှင့် အဆိုပါ ပြခန်း၌ ပေစာထုပ်စုစုပေါင်း (၂၁၂၇)ထုပ်၊ ကမ္မဝါထုပ် စုစုပေါင်း(၂၂)ထုပ်နှင့် ပုရပိုက် စုစုပေါင်း (၇၁)ထုပ်တို့ကို စနစ်တကျထိန်းသိမ်းကာ အများပြည်သူလေ့လာကြည့်ရှု နိုင်ရန် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။