ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ပို့ချခြင်း အခမ်းအနား

ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း (နည်းပြ) သင်တန်း ဖွင့်လှစ်ပို့ချခြင်း အခမ်းအနား

(၁၇-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် တက္ကသိုလ်ရပ်ကွက်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ (၆×၂၇)လမ်းကြား၊ (၈၃)လမ်းရှိ ရတနာသိင်္ဂီဟိုတယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ တို့ပူးပေါင်း၍ “ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(နည်းပြ)သင်တန်း” ဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်တင်လေး၊ အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒုတိယတပ်ဖွဲ့မှူးချုပ်ဦးကျော်မိုးကြည်၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ သိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန၊ အကြီးတန်းသင်တန်းအရာရှိ ဦးအုန်းသွင်နှင့် နည်းပြများ၊ သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၁ဝဝ) ဦးခန့် တက်ရောက်ခဲ့ပါသည်။

                   အဆိုပါ အခမ်းအနားတွင် ဒေါက်တာတင်တင်လေးမှ အဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းအား ဘေးအန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့ကြသည့်အချိန်၌ ကြက်ခြေနီအသင်းကြီး၏ အခြေခံမူ(၇)ချက်နှင့်အညီ ရှေးဦးပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြသည့် အသင်းခွဲအသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်လာစေရန်နှင့် အန္တရာယ်ကင်းစွာ ကူညီဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကာ လူအများအပြားထိခိုက် ဒဏ်ရာရရှိချိန်တွင် စီမံခန့်ခွဲခြင်းနှင့် ဦးစားပေးလူနာ ရွေးချယ်ခြင်း (Mass Casualty Management and Triage)၊ ထိခိုက်ဒဏ်ရာများကို ပြုစုစောင့်ရှောက်ခြင်း (Caring for Casualties)၊ စိတ်ဖိစီးမှုကိုကိုင်တွယ်ဖြေရှင်းခြင်း (Coping with Stress)၊ လူနာပြုစုခြင်း ကွင်းဆက် (The Chain of Emergency Casualty Care)၊ ရှေးဦးပြုစုခြင်းစခန်း (First Aid Post)၊ ရှေးဦးပြုစုခြင်းဆိုင်ရာအချက်အလက်များ (First Aid Checklist)နှင့် ရှေးဦးပြုစုသူများအတွက် ဘေးကင်းလုံခြုံမှု (Safety for First Aider)စသည့် ဘာသာရပ်များအား ဦးအုန်းသွင်နှင့် နည်းပြများမှ (၁၉.၈.၂ဝ၂၃) ရက်နေ့ အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြင်းခြံ၊ ညောင်ဦးနှင့် မြစ်သားမြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၂၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။