(၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားတိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပ

(၁၂)ကြိမ်မြောက်တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားတိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တွင် ကျင်းပ

မန္တလေး၊ ဩဂုတ်လ ၇ ရက်နေ့

(၁၂)ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို (၇-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်းက တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ AYUSH ဝန်ကြီးဌာန၏ အကြံပေး၊ အာယုဗ္ဗေဒဆေးပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင် Dr.Manoj၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို)နှင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့တို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးမှကိုယ်စားလှယ်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ စာတမ်းရှင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး နဝရတ်ကတိသစ္စာကို သံပြိုင်ရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။

၎င်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းမှ အဖွင့်အမှာစကားပြောကြားရာ၌ တိုင်းရင်းဆေးသုတေသန စာတမ်းဖတ်ပွဲများသည် မြန်မာ့တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါသည့် ခြေလှမ်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးသုတေသနများကို ဆောင်ရွက်ရန် နိုင်ငံတော်မှအလေးထားအားပေး ချီးမြှောက်နေပါကြောင်း၊ စာတမ်းဖတ်ပွဲတွင် တိုင်းရင်းဆေးပညာရှင်များနှင့် သိပ္ပံသုတေသီပညာရှင်များ၏ စာတမ်းများပါဝင်ခြင်းကြောင့် ပညာရှင်များတွေ့ဆုံ ဆွေးနွေးသုံးသပ် အဖြေရှာ၍ အသုံးချနိုင်သည်အထိ သုတေသနများ ဆက်လက်ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဖုံများနှင့် ကုထုံးနည်းအသစ်များ ပေါ်ပေါက်လာစေရေးအတွက် တိုင်းရင်းဆေးသုတေသနလုပ်ငန်းများကို တက်ညီလက်ညီကြိုးပမ်းကာတိုးမြှင့် လုပ်ဆောင်၍ ပြန်လည်သုံးချနိုင်သည်အထိ အဆင့်ဆင့်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့တိုင်းရင်းဆေးများကို အမှန်တကယ်အကျိုးအာနိသင်ရှိကြောင်း လက်တွေ့ပြသနိုင်မည့် အတွေ့အကြုံအခြေပြုဆေးပညာရပ်မှ သက်သေအထောက်အထားပြု ဆေးပညာရပ်အဖြစ်သို့ ပြောင်းလဲတိုးတက်ရေးအတွက်ဖြစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းပိုမိုမြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် တိုင်းရင်းဆေးသုတေသနပိုစတာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

စာတမ်းဖတ်ပွဲအား ဩဂုတ်၈ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အာယုဗ္ဗေဒဆေးပညာဆိုင်ရာစာတမ်းအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနနှင့် နီးနွယ် ဆက်စပ်ဝန်ကြီးဌာနများ၊ တပ်မတော်ဆေးသုတေသနတပ်တို့မှ သုတေသနစာတမ်းများ စုစုပေါင်း သုတေသနစာတမ်း(၂၆)စောင်၊ ပိုစတာ(၈)စောင် တင်သွင်းဖတ်ကြားကြမည် ဖြစ်ကြောင်း၊ အကောင်းဆုံးတိုင်းရင်းဆေးသုတေသနစာတမ်း၊ သိပ္ပံသုတေသနစာတမ်း၊ ကျန်းမာရေးစနစ်သုတေသနစာတမ်းနှင့် ပိုစတာများမှ အရည်အသွေးအဆင့်မီသည့် သုတေသနစာတမ်းများကို စိစစ်အကဲဖြတ်ပြီး ဆုများချီးမြှင့်ခဲ့ပါသည်။