၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်

တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့်

ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

(၁၉-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း၌မန္တလေးတိုင်းဒေသကြီးအတွင်း ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနရှိ/ခရိုင်/မြို့နယ်/ခြံများမှ ဦးစီးမှူးများ၊ တာဝန်ခံများနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းမြသာစည်မြို့နယ်ရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ခရိုင်/မြို့နယ်/သီးနှံခြံများမှ ဦးစီးမှူးများနှင့် တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားတွင် နိုင်ငံတော်မှ မူဝါဒများ ချမှတ်ပြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁)ဧက အထွက်နှုန်း တိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သီးထပ်သီးညှပ် ဧကများ တိုးချဲ့စိုက်ပျိုး လုပ်ကိုင်စေခြင်း၊ မျိုးစေ့ထုတ် လုပ်ငန်းများဖွံ့ဖြိုးစေခြင်း၊ စိုက်ပျိုးနည်းပညာပေးရေးဆိုင်ရာ လုပ်ငန်း များကျယ်ပြန့်စွာ ဆောင်ရွက်စေခြင်းတို့ကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပသွင်းကုန်လျော့ချနိုင်ရေးအတွက် ပြည်ပမှတင်သွင်းနေရသော စားအုန်းဆီ အစားထိုးပြည်တွင်း ဆီထုတ်လုပ်မှု တိုးတက်စေရေး (နေကြာသီးနှံ)အား တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ခြင်းများကို ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းကဲ့သို့ လုပ်ငန်းများဖြင့်လည်း ပြည်ထောင်စုအစီအစဉ်ဖြင့် စပါးသီးနှံ အတွက် (၆၅ဝ၇)ကျပ်သန်း၊ တိုင်းဒေသကြီးအစီအစဉ်ဖြင့် စပါးအပါအဝင် သီးနှံ(၁ဝ)မျိုးအတွက် (၃၈၄၉.၉၇) ကျပ်သန်း ထုတ်ချေးပေးပြီး ဖြစ်ကြောင်း၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထူထောင်ပြီး လုပ်ငန်းများဆောင်ရွက်စေခြင်း ရည်ရွယ်ချက်များ မပျောက်ပျက်အောင် ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသိပညာအတတ်ပညာရှင်များနှင့် ကောင်းမွန်သည့် စီမံခန့်ခွဲမှုများ၊ တစ်ဦးချင်းစီ၏ခံယူချက်နှင့် စေတနာသည်အရေးကြီးကြောင်း၊ တာဝန်ယူမှု/တာဝန်ရှိမှု အပြည့်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ နိုင်ငံတော်၏မူဝါဒများ အပြည့်အဝအောင်မြင်အောင်နှင့် ပန်းတိုင် အထွက်နှုန်း တိုးတက်အောင်အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက တိုင်းဒေသကြီး အတွင်း စိုက်ပျိုးနိုင်သော မြေဧရိယာပေါ်တွင် စပါး၊ ဝါ၊ နေကြာ၊ ပဲမျိုး စုံ၊ ကြံ စသည့် သီးနှံများအပြင် အခြားသီးနှံများအပါအဝင် နှစ်စဉ် ဧက သိန်း(၅ဝ)ကျော် စိုက်ပျိုးထုတ်လုပ်နေမှု၊ အရည်အသွေးမီ သွင်းအားစုများ စိုက်ပျိုးချိန်အမီ သုံးစွဲနိုင်ရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီရရှိရေး ဆောင်ရွက် ပေးနေမှု၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးနေမှု စသည်ဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု များအပေါ် ဖြည့်စွက်ပြောကြားခဲ့သည်။

၎င်းနောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဌာနစိပ်တာဝန်ခံများ၊ အစည်းအဝေးသို့ တက်ရောက်လာသူကြသူများနှင့် အွန်လိုင်းမှ တက်ရောက်ကြသူများက လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။