တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်

တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)သို့ တက်ရောက်

၂၅ - ၈ - ၂ဝ၂၃ ရက်နေ့

မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၁/၂ဝ၂၃)ကို (၂၄-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်မှ ယာဉ်/လမ်းအန္တရာယ်ကြောင့် လူသေဆုံးမှုကို (၂ဝ၃ဝ) ပြည့်နှစ် တွင်ထက်ဝက်လျှော့ချနိုင်ရန် ရည်မှန်းချက်ချပြီး ဆောင်ရွက်နေပါကြောင်း၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဖွဲ့စည်းပြီး ကဏ္ဍအလိုက် တာဝန်များပေးအပ်ပြီးဖြစ်ပါကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC)က ချမှတ်ပေးသည့် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒများနှင့် ရည်မှန်းချက်တို့အား အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူအားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အဓိကကျပါကြောင်း၊ ထိခိုက်သေဆုံးမှုဖြစ်စဉ်များတွင် အသက်(၂ဝ)နှင့် အသက် (၄ဝ) ကြား လူငယ်လူရွယ် အများဆုံးတွေ့ရကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးရှိ လူ့စွမ်းအားအရင်း အမြစ်များဆုံးရှုံးမှုမရှိစေရေး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးမှု၊ စစ်ဆေးကြပ်မတ်မှုနှင့် အရေးယူမှုများကို ပိုမိုတိုးမြင့်လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ တင်ပြလာသည့် အချက်အလက်များပေါ်မူတည်၍ လုပ်ငန်းများဆောင်ရွက်ကြရသည့် အတွက် စာရင်းဇယားမှန်ကန်တိကျရန် အလေးအနက်ထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယာဉ်မတော်တဆဖြစ်စဉ်များမှာ လူကြောင့်ဖြစ်ရာ ယာဉ်မောင်းသူတိုင်း၊ လမ်းပေါ်သွားလာ သူတိုင်းက ကိုယ်စီလိုက်နာထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုများအား လျှော့ချပေးမှု၌ များစွာအထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်သော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်တို့က Myanmar National Road Safety Action Plan (2021-2030) နှင့် Quick Win အစီအမံ()ရပ်အပေါ် ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ကြုံတွေ့နေရသည့်အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် အသက်ကယ်ထိုင်ခုံခါးပတ်အား ယာဉ်မောင်းများ စနစ်တကျတပ်ဆင် အသုံးပြုရေးနှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့် အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်များကို မေးသိုင်းကြိုးများ တပ်ဆင်‌စီးနင်းရေးတို့အား စိစစ်ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များက အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား/သူများနှင့် ပြည်သူလူထုအတွင်း အသိပညာပေးမည့် နည်းလမ်းများ၊ မော်တော်ယာဉ်ကြောင့်ဖြစ်သော ပတ်ဝန်းကျင်ထိခိုက်မှုအား လျော့နည်းကျဆင်းစေရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်များအားလည်း‌ကောင်း သက်ဆိုင်ကဏ္ဍအလိုက် ဆွေးနွေးအကြံပြုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးချက်များနှင့် တက်ရောက်လာသူများ၏ ဆွေးနွေးအကြံပြု တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။