မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် အမျိုးသားတံခွန်စိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ နှင့် (3x3) U-20 ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည်

အမျိုးသားတံခွန်စိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ နှင့် (3x3) U-20 ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

(၂၁-၈-၂၀၂၃)ရက်နေ့

မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အမျိုးသားတံခွန်စိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲနှင့် (3x3) U-20 ဘတ်စကက်ဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ် ဗထူးမိုးလုံလေလုံအားကစားကွင်းတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက် ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် နိုင်ငံတော်မှရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ဦးတည်ချက်(၉)ရပ်ပါ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး ဟူသည့် လူမှုရေးဦးတည်ချက်နှင့်အညီ အားကစားကဏ္ဍကို အထူးအလေးထားဆောင်ရွက် နေပါကြောင်း၊ အားကစားသည်နိုင်ငံတစ်နိုင်ငံ၏ဂုဏ်သိက္ခာဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံတိုင်းက အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ရှေ့ရှုလုပ်ဆောင်လာကြပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ဘက်စုံထောင့်စုံကနေ အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေပါကြောင်း ပြောကြားပြီး ပြိုင်ပွဲအား စတင်ဖွင့်လှစ်ပေးခဲ့သည်။

၎င်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အားကစားသမားများကို လိုက်လံနှုတ်ဆက်ကာ အားကစားပစ္စည်းများပေးအပ်၍ အားကစားအသင်း အလိုက်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။         

      မန္တလေးမြို့ ဗထူးမိုးလုံလေလုံခန်းမတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဘတ်စကက်ဘောပြိုင်ပွဲများ၌ မြန်မာတစ်နိုင်ငံလုံးမှ ပြိုင်ပွဲဝင်အားကစားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အမျိုးသား/အမျိုးသမီး အလွတ်အတန်း (5x5)ဘတ်စကက်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၃၄)သင်းနှင့် အသက်(၂၀)အောက်အမျိုးသား/အမျိုးသမီး(3x3) U-20 ဘတ်စကက်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၅၅)သင်းတို့သည် ဩဂုတ် ၂၉ ရက်နေ့အထိ အသင်းအလိုက် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပါကြောင်း သိရသည်။