ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှုများ မန္တလေးတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

ကျန်းမာပျော်ရွှင် ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ မန္တလေးတိုင်းဒေသကြီးအဆင့်

အထိမ်းအမှတ်အခမ်းအနားကျင်းပ

၁၅ - ၈ -၂၀၂၃ ရက်နေ့

"ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်" ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ မန္တလေးတိုင်းဒေသကြီး အဆင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး ကျောင်းသား/ ကျောင်းသူများကအဓိကမျှော်တွေး ကျန်းမာရေး ဂုဏ်ပြုသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထိမ်းအမှတ်ဂုဏ်ပြုစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအား ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြက်သည့် နိုင်ငံ့သားကောင်းရတနာများဖြစ်လာစေရန် အခြေခံကျောင်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ပြီးဘေးကင်း လုံခြုံစိတ်ချနိုင်စေရန် လိုအပ်သည်များကို ထောက်ပံ့ဖြည့်းဆည်းပေးနေပါကြောင်း၊ ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းဖန်တီးနိုင်စေရန်အတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များချမှတ်ကာ ကျန်းမာရေးအဆင့်မြှင့် ကျောင်းများဖြစ်လာအောင် ဦးတည်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ခန္ဓာကိုယ် ကျန်းမာဖွံ့ဖြိုးရုံတင်မကဘဲ ဉာဏ်ရည်ထက်မြက်ရန်အတွက် မျှတသည့်အာဟာရဖွံ့ ဖြိုးမှုရရှိအောင် အလေ့အကျင့်ကောင်းများရရှိသုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ လူငယ်ကို အခြေခံသည့်အနာဂတ်ကို တည်ဆောက်ရာတွင် စာသင်ကျောင်းမှစတင်ပြီး ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံသည့် လူငယ်များ မွေးထုတ်နိုင်ရန် ကျောင်းသား/ကျောင်းသူများအပါအဝင်ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွယ်ဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့က ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် မျှတသောအာဟာရ စားသုံးနိုင်ရေးပြသထားမှု၊ ကျောင်းသား/ကျောင်းသူများအား စစ်မှန်သွားတိုက်ခြင်းတို့အား သရုပ်ပြသနေမှု၊ သန်းချဆေးနှင့် သံဓာတ်အားဆေးများ တိုက်ကျွေးနေမှု၊ အာဟာရကျွေး မွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အခမ်းအနားတွင် သီဆိုသရုပ်ဖော်ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများ ပါဝင်သည့်အဖွဲ့(၅)ဖွဲ့အတွက် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့သည်။