မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး

 

မျှော်မှန်းချက် (Vision)

ပြည်သူ့အကျိုးစီးပွားကိုကာကွယ်စောင့်ရှောက်ပေးရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကောင်းမွန်စေရေး၊ပြည်သူ့ဘဏ္ဍာငွေကြေးထိန်းကျောင်းတည့်မတ်ပေးရေးအတွက်အဓိကတာဝန်ရှိသည်နှင့်အညီထိရောက်စွာစစ်ဆေးဖော်ထုတ်၍ပြည်သူသို့အစီရင်ခံခြင်းဖြင့် ရှင်းလင်းတင်ပြရန်ဖြစ်ပါသည်။

လုပ်ငန်းတာဝန် (Mission)

စစ်ဆေးမှု၏လုပ်ငန်းတာဝန်မှာကောင်းမွန်သောအုပ်ချုပ်မှုစနစ် Good Governanceနှင့်သန့်ရှင်းသောအစိုးရ Clean Government ပေါ်ပေါက်လာစေရန်ပြည်သူလူထုဆန္ဒသဘောထားကိုအလေးထားပြီးစစ်ဆေးရေးလုပ်ငန်းစဉ်များကိုအရည်အသွေးပြည့်မီစွာနှင့်ထိရောက်အကျိုးရှိစွာထမ်းဆောင်သွားခြင်းပင်ဖြစ်ပါသည်။

မူဝါဒ (Policy)

စစ်ဆေးခြင်း၏မူဝါဒများမှာဥပဒေနှင့်အညီစာရင်းစစ်လုပ်ငန်းများအားဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်မှုများကိုအားပေးခြင်း၊ပြုပြင်ပြောင်းလဲမှုများကိုမြှင့်တင်ခြင်းနှင့်ပကတိအခြေအနေများအားမှန်ကန်စွာဆန်းစစ်သုံးသပ်ပြီးထိရောက်သည့်ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းတို့ဖြစ်ပါသည်။

 

တန်ဖိုးများ (Core Value)

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အောက်ပါတန်ဖိုးများ(Core Value) ကိုဦးထိပ်ထား၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည် -

(က) ရိုးသားဖြောင့်မတ်မှု၊
(ခ) လွတ်လပ်မှုနှင့်ဓမ္မဓိဋ္ဌာန်ကျမှု၊
(ဂ) အတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု၊
(ဃ) လျှို့ဝှက်စောင့်ထိန်းမှု၊
(င) လုံ့လစိုက်ထုတ်၍သတိသမ္ပဇာဉ်ဖြင့်ဆောင်ရွက်မှု၊
(စ) ပြည်သူ့အကျိုးစီးပွားကိုဦးထိပ်တင်၍ဆောင်ရွက်မှု။

လုပ်ငန်းစဉ်

လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

(က) မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးသည်ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက်နှစ်ပတ်လည်စစ်ဆေးရေးစီမံချက်၊သုံးလပတ်စစ်ဆေးရေးစီမံချက်များရေးဆွဲ၍စစ်ဆေးရေးလုပ်ငန်းများကိုမူဝါဒ၊ရည်မှန်းချက်နှင့်အညီဆောင်ရွက်လျက်ရှိပြီးလစဉ်လုပ်ငန်းတိုးတက်မှုအစီရင်ခံစာ၊နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများဖြင့်စိစစ်သုံးသပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ 
 (ခ)  မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးသည်ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏သင်ကြားပို့ချမှုနှင့်အညီမန္တလေးတိုင်းဒေသကြီးအတွင်းရှိအခြားဝန်ကြီးဌာနများမှဝန်ထမ်းများအတွက်အခြေခံအဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
 (ဂ)  e-Government လုပ်ငန်းစဉ်အားအရှိန်အဟုန်မြှင့်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။ (အစိုးရဌာနအချင်းချင်းလုပ်ငန်းကိစ္စရပ်များကိုအွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်အားတိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်ပါသည်။)

 

စစ်ဆေးရေးဆိုင်ရာလုပ်ငန်းစဉ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါတာဝန်များကိုဆောင်ရွက်ရာ၌ပြည်ထောင်စုစာရင်းစစ်ချုပ်သည်ဒုတိယစာရင်းစစ်ချုပ်၊တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စာရင်းစစ်ချုပ်များ၊စာရင်းစစ်ရုံးအဆင့်ဆင့်ရှိစာရင်းစစ်အရာရှိများအားလွှဲအပ်ဆောင်ရွက်စေပါသည်။

စာရင်းစစ်ဆေးခြင်း၏အဓိကရည်ရွယ်ချက်မှာရေးဆွဲပြုစုထားသောစာရင်းများတွင်မသမာမှုနှင့်မှားယွင်းမှု (Fraud and Error) ပါဝင်ခြင်းရှိမရှိစစ်ဆေးရန်ဖြစ်ပြီးစာရင်းစစ်လုပ်ငန်းထွန်းကားတိုးတက်လာသည်နှင့်အမျှစာရင်းစစ်ဆေးခြင်းရည်ရွယ်ချက်မှာလည်းမသမာမှုနှင့်မှားယွင်းမှုများကိုဖော်ထုတ်ခြင်းအပြင်စစ်ဆေးရမည့်အဖွဲ့အစည်းကတင်ပြသည့်ငွေရေးကြေးရေးသို့မဟုတ်ဘဏ္ဍာရေးဆိုင်ရာစာရင်းများဖြစ်သောထုတ်လုပ်မှု၊အရောင်းအဝယ်အရှုံးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်းများကိုစစ်ဆေးပြီးဘဏ္ဍာရေးစာရင်းများပါဖော်ပြချက်များသည်တည်ဆဲဥပဒေ၊နည်းဥပဒေများကိုလိုက်နာကျင့်သုံးရေးဆွဲသောစာရင်းများဖြစ်ပြီးအဖွဲ့အစည်း၏လုပ်ငန်းဆောင်တာအခြေအနေ (Operational Result ) နှင့်မတည်ငွေရင်းအခြေအနေ (Capital Position on Financial Condition) များကိုသင့်တင့်လျောက်ပတ်စွာဖော်ပြခြင်းပြု/မပြုစာရင်းစစ်ထင်မြင်ယူဆချက်ပေးရန်သာမကအဖွဲ့အစည်း၏လုပ်ငန်းဆောင်ရွက်ချက်များသည်နိုင်ငံတော်နှင့်ပြည်သူ့အတွက်မည်သည့်အတိုင်းအတာပမာဏအထိအကျိုးသက်ရောက်မှုရှိသည်ကိုစိစစ်သုံးသပ်နိုင်အောင်စစ်ဆေးခြင်းဖြစ်ပါသည်။သို့ဖြစ်၍စာရင်းစစ်ဆေးခြင်းသည်စာရင်းမှတ်တမ်းအထောက်အထားများကိုစစ်ဆေးခြင်းသာမကလုပ်ငန်းဆောင်ရွက်ချက်များကိုစစ်ဆေးခြင်းပါအကျုံးဝင်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကအောက်ဖော်ပြပါစစ်ဆေးခြင်းအမျိုးအစား()မျိုးဖြင့်စစ်ဆေးပါသည် -

(က) အဖွဲ့အစည်း၏ဘဏ္ဍာရေးရှင်းတမ်းများသည်အများလက်ခံကျင့်သုံးနေသည့်မူများနှင့်လိုက်နာပြီးအစဉ်တစိုက်ရေးဆွဲထားခြင်းဟုတ်မဟုတ်နှင့်အဖွဲ့အစည်း၏လုပ်ငန်းဆောင်တာအခြေအနေနှင့်ဘဏ္ဍာရေးအခြေအနေတို့ကိုသင့်တင့်လျောက်ပတ်စွာဖော်ပြခြင်းပြု/မပြုစာရင်းစစ်ထင်မြင်ယူဆချက်ပေးရန်ရည်ရွယ်ချက်ဖြင့်“ဘဏ္ဍာရေးစာရင်းများစစ်ဆေးခြင်း” (Financial Audit)
 (ခ)  အဖွဲ့အစည်းများကလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့်လူ(ဝန်ထမ်း)၊ငွေကြေး(ဘဏ္ဍာရေး)နှင့်ပစ္စည်းစသောစွမ်းအားစုများကိုခြိုးခြံချွေတာပြီးစွမ်းဆောင်ရည်ပြည့်ဝစွာဖြင့်ထိထိရောက်ရောက်အသုံးပြုခြင်းရှိမရှိရည်ရွယ်ချက်ဖြင့် “လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း” (Performance and Operational Audit)
 (ဂ) အဖွဲ့အစည်းများ၏လုပ်ငန်းနှင့်ငွေရေးကြေးရေးလုပ်ဆောင်ချက်များသည်သတ်မှတ်ပြဌာန်းထားသောဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊စည်းကမ်း၊ညွှန်ကြားချက်များ၊အမိန့်များကို“လိုက်နာမှုရှိမရှိစစ်ဆေးခြင်း”(Compliance Audit)


 အထက်ဖော်ပြပါစာရင်းစစ်ဆေးခြင်းအမျိုးအစားများဖြစ်သည့်ဘဏ္ဍာရေးစာရင်းများစစ်ဆေးခြင်း၊လိုက်နာမှုရှိမရှိစစ်ဆေးခြင်း၊လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း (ခြိုးခြံမှု၊စီးပွားရေးတွက်ခြေကိုက်မှု၊စွမ်းဆောင်ရည်ပြည့်ဝမှု၊ထိရောက်အောင်မြင်မှုစစ်ဆေးခြင်း) အမျိုးအစားအားလုံးကိုပေါင်းစည်းပြီးအဖွဲ့အစည်းတွင်ရှိပြီးဖြစ်သည့်လူ(ဝန်ထမ်း)၊ငွေကြေးနှင့်ပစ္စည်းစသောစွမ်းအားစုများကိုပြဌာန်းထားသောဥပဒေ၊နည်းဥပဒေ၊စည်းမျဉ်း၊စည်းကမ်းဘောင်အတွင်းခြိုးခြံချွေတာပြီးစွမ်းဆောင်ရည်ပြည့်ပြည့်၀၀ဖြင့်ထိထိရောက်ရောက်အသုံးပြုနိုင်အောင်စီမံခန့်ခွဲကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူ့အတွက်မည်သည့် အတိုင်းအတာပမာဏထိအကျိုးသက်ရောက်သည်ကိုဖော်ထုတ်ရန်ရည်ရွယ်ချက်ဖြင့် “ဘက်စုံစစ်ဆေးခြင်း” (Comprehensive Audit)ကိုဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကအသုံးပြုသည့်စစ်ဆေးသည့်စနစ်နှင့်လုပ်ငန်းဆောင်ရွက်ပုံ (System and Function of Audit) မှာပုံမှန်သို့မဟုတ်နှစ်စဉ်စစ်ဆေးခြင်း (Regular of Annual Audit)၊လုပ်ငန်းကိစ္စရပ်အလိုက်စစ်ဆေးခြင်း (Functional Audit/ Specialized Audit or Audit in Depth) နှင့်တာဝန်ပေးချက်အရစစ်ဆေးခြင်း (Audit of Special Assignment on Duty) တို့ဖြစ်ပါသည်။အထက်ပါစစ်ဆေးခြင်းလုပ်ငန်းများတွင်စာရင်းစစ်ဆေးချက်အစီရင်ခံစာများကိုပိုမိုထိရောက်မြန်ဆန်စွာပြုစုတင်ပြနိုင်စေရေးနှင့်စစ်ဆေးတွေ့ရှိချက်များကိုသက်ဆိုင်ရာမှအရေးယူဆောင်ရွက်ရာ၌မြန်ဆန်သွက်လက်စေရေးအတွက်စာရင်းစစ်လုပ်ငန်းအပြီးသတ်ဆောင်ရွက်ခြင်း Audit Winding-Up ကိုဆောင်ရွက်ပြီးစာရင်းစစ်အစီရင်ခံစာကိုရေးသား၍ထုတ်ပြန်ပေးပို့ပါသည်။

စာရင်းစစ်ဆေးရေးလုပ်ငန်းတွင်လွတ်လပ်မှု (Independence) သည်အလွန်အရေးကြီးပါသည်။လွတ်လပ်မှုဆိုသည်မှာစစ်ဆေးရမည့်အဖွဲ့အစည်းများမှသီးခြားလွတ်လပ်ခြင်းဖြစ်ပါသည်။သို့ဖြစ်၍စစ်ဆေးရေးလုပ်ငန်းတာဝန်များကိုအုပ်ချုပ်ရေးလုပ်ငန်းတာဝန်မှခွဲခြားထားရပါသည်။သို့မှသာစစ်ဆေးမှုကိုစစ်ဆေးရမည့်အဖွဲ့အစည်း၏အုပ်ချုပ်မှုမှသီးခြားလွတ်လပ်စွာဆောင်ရွက်၍စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကိုရှေ့ရှုလျက်သက်ဆိုင်ရာသို့ဓမ္မဓိဌာန်ကျကျတင်ပြအစီရင်ခံနိုင်မည်ဖြစ်ပြီ းစစ်ဆေးရေးရည်ရွယ်ချက်များလည်းထိရောက်အောင်မြင်မည်ဖြစ်ပါသည်။ထိုသို့စစ်ဆေးရေးတာဝန်များနှင့်အုပ်ချုပ်ရေးတာဝန်များကိုခွဲခြားမထားဘဲအုပ်ချုပ်ရေးပိုင်းမှပုဂ္ဂိုလ်ကိုစစ်ဆေးရေးပိုင်းတွင်တာဝန်ပေးမည်ဆိုပါကမိမိ၏လုပ်ဆောင်ချက်ကိုမိမိအားပြန်လည်စစ်ဆေးစေသည့်သဘောသက်ရောက်သွားနိုင်ပါသည်။ထို့ကြောင့်စာရင်းစစ်၏လွတ်လပ်မှု (Principle of Independence of Audit) သဘောတရားအရပင်လျှင်စာရင်းစစ်များအားဝန်ကြီးဌာနများ၏ငွေရေးကြေးရေး၊စာရင်းပြုစုရေး၊စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ၌ယာယီပင်ဖြစ်စေတာဝန်ပေးအပ်ဆောင်ရွက်စေခြင်းမပြုသင့်ပါ။သို့မှသာလျှင် Conflict of interest ကိုရှောင်ရှားနိုင်ပြီးIndependenceကိုထိန်းနိုင်မည်ဖြစ်ပါသည်။

ထို့အပြင်စာရင်းစစ်ချုပ်ရုံး၏စစ်ဆေးခြင်းလုပ်ငန်းသည်စစ်ဆေးရမည့်အဖွဲ့အစည်းများတွင်ဖွဲ့စည်းထားရှိသည့်ဌာနတွင်းစာရင်းစစ် (Internal Audit) လုပ်ငန်းမှသီးခြားဖြစ်ပါသည်။ဌာနတွင်းစာရင်းစစ်မှာအဖွဲ့အစည်းအတွင်းလုပ်ငန်းဆောင်ရွက်မှုများကိုစစ်ဆေးရန်အတွက်အဖွဲ့အစည်း၏အုပ်ချုပ်ရေးပိုင်း (Management) ကဖွဲ့စည်းထားသည့်ဌာနဖြစ်ပါသည်။

စာရင်းစစ်ဆေးခြင်း၏ရည်ရွယ်ချက်မှာအဖွဲ့အစည်းများ၏လုပ်ငန်းများပိုမိုထိရောက်အောင်မြင်စေရန်နိုင်ငံတော်ဘဏ္ဍာငွေများကိုတိုးမြှင့်ရှာဖွေရရှိစေရန်၊နိုင်ငံတော်မှခွဲဝေပေးသည့်ဘဏ္ဍာငွေများကိုအလေအလွင့်မရှိစနစ်တကျထိရောက်စွာသုံးစွဲစေရန်တို့အတွက်ကူညီပံ့ပိုးပေးရန်ဖြစ်ပါသည်။ စစ်ဆေးတွေ့ရှိသည့်စည်းမျဉ်းမကျနမှုများနှင့် ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုအားနည်းချက်များကိုအချိန်မီပြုပြင်ပေးခြင်းဖြင့်အဖွဲ့အစည်းနှင့်နိုင်ငံ၏အကျိုးစီးပွားလျော့နည်းစေမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။ အဖွဲ့အစည်းနှင့်နိုင်ငံတော်၏အကျိုးစီးပွားကိုပိုမိုဖြစ်ထွန်းရရှိစေနိုင်ပါသည်။

လုပ်ငန်းအဖွဲ့အစည်းများသည်အဓိကအားဖြင့်ပြည်သူလူထု၏အကျိုးစီးပွားတိုးတက်ကောင်းမွန်စေရန်မွန်မြတ်သောရည်ရွယ်ချက်ဖြင့်လုပ်ငန်းများဆောင်ရွက်လျက်ရှိနေကြသည်ဖြစ်ရာ၊ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏တာဝန်မှာယင်းလုပ်ငန်းများဆောင်ရွက်ရာတွင်ချမှတ်ထားသောမူဝါဒ၊လမ်းစဉ်နှင့်ရည်မှန်းချက်များမှတိမ်းစောင်းမသွားစေရေးအတွက်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီကူညီတည့်မတ်ထောက်ပံ့ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။အထူးသဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုအကောင်အထည် ဖော်ထမ်းဆောင်လျက်ရှိရာတွင်ကောင်းမွန်သောအုပ်ချုပ်မှုစနစ် (Good Governance) နှင့်သန့်ရှင်းသောအစိုးရ(Clean Government) ပေါ်ပေါက်စေရန်ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရနိုင်ငံတော်နှင့်ပြည်သူလူထုတို့၏အကျိုးစီးပွားအတွက်အလေးထားပြီးစစ်ဆေးရေးလုပ်ငန်းစဉ်များကိုမူဝါဒ၊ရည်မှန်းချက်များနှင့်အညီသွက်သွက်လက်လက်နှင့်ထိထိရောက်ရောက်ဆောင်ရွက်သွားရန်ဖြစ်ပါသည်။

     
  ရုံးလိပ်စာ

မန္တလေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ လမ်း(၃၀)၊ (၆၈x၇၀)လမ်းကြား၊ စုပေါင်းရုံးဝန်းအတွင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂-၄၀၃၉၂၇၆

  ဖက်(စ်)ဖုန်း -
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
     

  

Eservices   Topics
     
News