နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရအားကစားအသင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပပြုလုပ်သည့် အခမ်းအနား

နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရအားကစားအသင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း ကျင်းပပြုလုပ်သည့် အခမ်းအနား

(၁၁-၈-၂၀၂၃)ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ နေလည်ပိုင်းအချိန်၌ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင် အားကစားသမားများနှင့် ၂ဝ၂၃ ခုနှစ် မေလမှ ဇူလိုင်လအထိ ကျင်းပပြုလုပ်ခဲ့သော ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် အောင်ပွဲရအားကစားအသင်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ သယံဇာတရေးရာ ဝန်ကြီးဦးရွှေဇင်၊ ​ဥပဒေချုပ်ဦးမြင့်​အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးမြင့်လွင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးကျော်မင်းသန်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းအုပ်ကြီး ဦးနိုင်လင်းအောင်တို့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘောလုံးဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးစောငြိမ်းနှင့် အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အောင်ပွဲရအားကစားအသင်းများမှ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ၊ စုစုပေါင်း ၁၈ဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးမျိုးအောင်မှ ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲ (၆)ပွဲတွင် တံခွန်စိုက် ဆုဖလားများရရှိခဲ့သော အားကစားအသင်းများမှ တံခွန်စိုက် ဆုဖလားများအား ဝန်ကြီးချုပ်ထံ အပ်နှံ၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ နိုင်ငံဂုဏ်ဆောင်အားကစားသမားများနှင့် အောင်ပွဲရအားကစားအသင်းများအား ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ထို့နောက် အောင်ပွဲရအားကစားအသင်းများကိုယ်စား ဗိုဗီနမ်အသင်းအုပ်ချုပ်သူ ဦးမိုးဇော်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားပြီးစီး၍ တက်ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းနှင့် ၎င်းအခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ၂ဝ၂၃ခုနှစ် ဇွန်လ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအားကစားအသင်းအနေဖြင့် အားကစားနည်း (၈)မျိုး၊ အားကစားသမားစုစုပေါင်း (၈၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁၅)ဆု၊ ငွေတံဆိပ်(၂၂)ဆုနှင့် ကြေးတံဆိပ် (၁၉)ဆုရရှိခဲ့ရာ နိုင်ငံ့ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီးမှ အားကစားသမားများမှ ရွှေတံဆိပ် (၃)ဆု၊ ငွေတံဆိပ် (၁)ဆုနဲ့ ကြေးတံဆိပ် (၄)ဆုအားလည်းကောင်း၊ တိုင်းဒေသကြီးတင်းနစ်ပြိုင်ပွဲ၊ အသက်(၁၈)နှစ်အောက် ပြေးခုန် ပစ်ပြိုင်ပွဲ၊ မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ဗိုဗီနမ်ပြိုင်ပွဲ၊ ဖူဆယ်ပြိုင်ပွဲနှင့် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အောင်ပွဲရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီး အားကစား အသင်းများသည် ရွှေတံဆိပ် (၂၅)ဆု၊ ငွေတံဆိပ်(၈)ဆု၊ ကြေးတံဆိပ် (၁၉)ဆုဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလား (၂)ခု၊ အမျိုးသားတံခွန်စိုက်ဆုဖလား (၃)ခု၊ အမျိုးသမီးတံခွန်စိုက်ဆုဖလား (၂)ခု တို့အားလည်းကောင်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးခဲ့ကာ မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘတ်ဂျက်ရန်ပုံငွေဖြင့် အောင်ပွဲရအားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းမှာ (၄၉၂၅၀၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။