မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် ပြည်တွင်း၌ ဆီချောထုတ်စက်များထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်

ပြည်တွင်း၌ ဆီချောထုတ်စက်များထုတ်လုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

(၂၃-၈-၂၀၂၃)ရက်နေ့

မန္တလေးတိုင်းဒေသကြီးတွင် ဆီချောထုတ်စက်များထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၃-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်း၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ စိန်ပန်းစက်မှုလုပ်ငန်း၊ မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်အသင်းတို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဟောနန်ပြည်နယ်မှ ဆီနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ "နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံသည့်အပြင် ပြင်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားရေး" ရည်မှန်းချက်ထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ မန္တလေးမြို့ရှိ စိန်ပန်းစက်မှုလုပ်ငန်း၏ တီထွင်ဆောင်ရွက်နိုင်ခဲ့မှုကိုလည်း နိုင်ငံတော်အကြီးအကဲမှ သိရှိအသိအမှတ်ပြုပါကြောင်း၊ ယနေ့ပြည်တွင်း၌ မဖြစ်မနေလိုအပ်လျက်ရှိသည့် စားသုံးဆီသန့်စင် (Refining)စက်ကို တရုတ်နည်းပညာအား လေ့လာရယူ၍ စိန်ပန်းစက်မှုလုပ်ငန်းမှ တီထွင်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတော်မှပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ အသေးစား၊အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်းအလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်း၌ ဆီချောစက်များ ထုတ်လုပ်နိုင်ရန် စိန်ပန်းစက်မှုလုပ်ငန်းမှပညာရှင်များ၏ အခန်းကဏ္ဍသည် အဓိကကျပါကြောင်း၊ စက်များထုတ်လုပ်နိုင်ရန် တီထွင်ကြံဆမှု၊ ကျွမ်းကျင်မှုတို့နှင့်အတူ အကျိုးတူပူးပေါင်း ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများကိုပါ ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊နိုင်ငံတော်၏မူဝါဒနှင့်အညီ ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံများကို ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင်နှင့် နေကြာဆီနှင့်ဝါစေ့ဆီ ပိုမိုထုတ်လုပ်နိုင်ရန် တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်ခြင်းများကို ကြိုးစားဆောင်ရွက်နေပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းဖူလုံရေးနှင့် ပြည်ပသွင်းကုန်များ အစားထိုးထုတ်လုပ်နိုင်ရေး၊ MSME ကုန်ထုတ်လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်သွားရေးတို့ကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောနန်ပြည်နယ်မှ ဆီနှင့်ပတ်သက်သော ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချသည့်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက မျိုးကောင်းမျိုးသန့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ သီးနှံများနှင့်ပတ်သက်၍ ကုန်ကြမ်းမှ သန့်စင်သည့်ကုန်ချောရရှိသည့်အထိ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ရင်းနှီးမြှုပ်နှံမှုပမာဏတို့အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဆီစက်ပိုင်ရှင်အသင်းနှင့် တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများက တိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင်ဆီစက်များလည်ပတ်နေမှု၊ ဆီစက်များအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ကြုံတွေ့နေရသည့်အခြေအနေများကိုလည်းကောင်း၊ ဆီစက်လုပ်ငန်းရှင်တစ်ဦးက စဥ့်ကိုင်မြို့တွင် နေကြာ၊ ပဲပုပ်၊ ဝါစေ့ဆီများအား (၂၄)နာရီလျှင် ဆီပိသာ(၅)တန်ကျ ဆီသန့်စင်(Refining)စက်တစ်လုံးတပ်ဆင်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ QIE Group ကုမ္ပဏီမှ ဝယ်ယူစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကြုံတွေ့နေရသည့်အခြေအနေများကိုလည်းကောင်း၊ စိန်ပန်းစက်မှုလုပ်ငန်းရှင်တစ်ဦးက ဆီချောစက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရမည့်ကဏ္ဍများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။