မလှိုင်မြို့နယ်တွင် နှမ်းသီးနှံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုအား စမ်းသပ်ခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်း အခမ်းအနား

မလှိုင်မြို့နယ်တွင် နှမ်းသီးနှံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုအား စမ်းသပ်ခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်း အခမ်းအနား

(၉-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ(၉)ရက်နေ့ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် နှမ်းသီးနှံအထွက်နှုန်း အပေါ် အကျိုးသက်ရောက်မှုအား စမ်းသပ်ခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲ အခမ်း အနားကို မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော နှမ်းမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်/မြေသြဇာ အမျိုးအစားအလိုက် နှမ်း သီးနှံအထွက်နှုန်းအပေါ် အကျိုးသက်ရောက်မှုအား စမ်းသပ်ခြင်းအား တောင်သူကွင်းသရုပ်ပြပွဲ နှင့် မိုးနှမ်း စံကွက်ရိတ်သိမ်းခြင်းကို ရွာသာအေးကျေးရွာ၊ ကွင်းအမှတ်(၁၇၁)၊ ဦးပိုင်အမှတ် (၅၉/၁) (၂)ဧကရှိ နှမ်းစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ စံကွက်ရိတ်သိမ်းခြင်းမပြုမီ တောင်သူများအား စိုက်ခင်းတွင် လိုက်လံပြသပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ နှမ်း သီးနှံ(၅)မျိုး ဖြစ်သည့် ဆင်းရတနာ(၁၄)၊ ဆင်းရတနာ(၃)၊ မကွေးနှမ်းနက်(၁/၁၃)၊ မကွေးနှမ်းနက်(၂/၁၄)နှင့် သိပ္ပံနှမ်းနက်တို့ကို စမ်းသပ်စိုက်ပျိုးထားရှိပါကြောင်း၊ တောင်သူများအနေဖြင့် နှမ်းမျိုးကွဲများ အခြေအနေများနှင့် နှမ်း သီးနှံအထွက်နှုန်းသိရှိရန် ကွင်းသရုပ်ပြပွဲကျင်းပရခြင်းဖြစ်ကြောင်း၊ မြို့နယ်၏ နှမ်းသီးနှံ အထွက်နှုန်းတိုးတက်မှသာ စားသုံးဆီလုံလောက်မှု တိုးတက်လာမည်ဖြစ်၍ လက်ရှိကွင်းသရုပ်ပြပွဲမှ ရရှိလာသည့် နည်းပညာများကို စနစ်တကျလေ့လာမှတ်သားပြီး ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုက နှမ်းမျိုးယှဉ်ပြိုင် စမ်းသပ်စိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ နှမ်းမျိုးတစ်မျိုးချင်းစီ၏ အားသာချက်/ အားနည်းချက် များနှင့် ဓါတ်မြေသြဇာအသုံးပြုမှုအခြေအနေများ၊ ထရိုင်ကိုဒါးမား(ခေါ်)အဏုဇီဝ မြေသြဇာ အသုံးပြုမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နှမ်းသီးနှံ အထွက်နှုန်းသိရှိရန်အတွက် YMethod (အထွက်မိတ်ဖက်များဖြင့် အထွက်နှုန်းတိုင်းတာခြင်းနည်းလမ်းများ)ဖြင့် ကောင်း/သင့်/ညံ့အလိုက်(၁ဝ)ပေ/(၃) နေရာများအား စံကွက်ရိတ်သိမ်းခဲ့ရာ နှမ်းသီးနှံ(၁)ဧကလျှင် အထွက်နှုန်း ပျမ်းမျှ(၁၆.ဝ၅)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပြီး နှမ်းမျိုး(၅)မျိုးအနက်မှ တောင်သူများကြိုက်နှစ်သက်သည့် မျိုးများကို မှတ်တမ်းပြုစု၍ နောက်နှစ်စိုက်ပျိုးရာသီတွင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း တိုးတက်ရေး၊ စားသုံးဆီလုံလောက်ရေးစသည့်အချက်များကို တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရွာသာအေးကျေးရွာ၊ ပန်းအိုင်ကျေးရွာ၊ ရေထွက်ကျေးရွာ၊ သီးပင်ကုန်း ကျေးရွာ၊ သဘွတ်ကုန်းကျေးရွာတို့မှ နှမ်းစိုက်တောင်သူ(၅၄)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် မလှိုင်မြို့နယ်၌ မိုးဦးနှမ်းသီးနှံ စုစုပေါင်းဧက(၁၅ဝ၅၃၂ ) စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်၍ နှမ်းသီးနှံများ အထွက်နှုန်းတိုးတက်ကောင်းမွန်လာခြင်းကြောင့် ဈေးကောင်းရရှိ သဖြင့် တောင်သူများဝင်ငွေတိုးလျှက်ရှိကြောင်း သိရသည်။