အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသည် ကျန်းမာရေးအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူခြင်း

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူမည့် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်

၂၅ - ၈ - ၂ဝ၂၃ ရက်နေ့

အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသည် ကျန်းမာရေးအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူရန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရမှ လိုက်ပါပြီး (၂၄ - ၈ - ၂ဝ၂၃) ရက်နေ့ နံနက်ပိုင်းက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (MAI)ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။

မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသည် ထိုင်းနိုင်ငံသို့ မထွက်ခွာမီ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၏  နားနေဆောင်၌ ခေတ္တသီတင်းသုံးနားနေစဉ် ဆရာတော်ကြီးနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများကဖူးမြော်ကာ ဝန်ကြီးချုပ်က ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လျှောက်ထားတင်ပြပြီး ဆရာတော်ကြီးများထံမှ ဩဝါဒများခံယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နားနေဆောင်၌ ဆရာတော်ကြီးအား ကျန်းမာရေးဆေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများကို ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် MAI လေကြောင်းလိုင်း (8M337) လေယာဉ်ပေါ်အထိ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဆရာတော်ကြီးနှင့်အတူ သီတဂူဆရာတော်ကြီးနှင့် မန္တလေး သီတဂူတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာဘဒ္ဒန္တဝေဠုရိယာလင်္ကာရနှင့် ကပ္ပိယ(၁)ဦးတို့မှ လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိသည်။