ရတနာပုံတက္ကသိုလ်တွင်လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး စာပေဟောပြောပွဲ ကျင်းပ

ရတနာပုံတက္ကသိုလ်တွင်

လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး စာပေဟောပြောပွဲ ကျင်းပ

၁၅ - ၈ - ၂၀၂၃ ရက်နေ့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ၏ အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့် စွမ်းအားရှင်များ၊ ခေါင်းဆောင်များ၊ တိုင်းပြည်ကို ပုံဖော်ထုဆစ်မည့် ဗိသုကာလောင်းများဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်ပြီး စာပေဟောပြောပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ အနာဂတ်အတွက် များစွာအထောက်အကူပြုသည့် အသိပညာဟောပြောပွဲများ၊ စာပေဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို ပြုလုပ်ပေးလျက်ရှိပါကြောင်း ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ)အား အမှတ်တရလက်ဆောင်ပစ္စည်းကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား စာရေးဆရာလင်းသိုက်ညွန့် (မြန်မာ့မြေ)က စကားစွမ်းရည်စာအုပ်ကို လည်းကောင်းပေးအပ်ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က စာပေဟောပြောပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

၎င်းနောက် စာပေဟောပြောပွဲကို ဆက်လက်ကျင်းပရာ ရန်ကုန်မြို့မှ စာရေး ဆရာလင်းသိုက်ညွန့်(မြန်မာ့မြေ)က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပညာသင်ယူနေသည့် ကျောင်းသား/ကျောင်းသူများ စိတ်ခွန်အားဖြစ်စေမည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း၊ အဆိုပါ စာပေဟောပြောပွဲသို့ ရတနာပုံတက္ကသိုလ် အထူးပြုဘာသာရပ်(၂၈)ခုမှ ကျောင်းသား/ကျောင်းသူများနှင့် စာပေဝါသနာရှင်များအပါအဝင် စုစုပေါင်း (၁၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။