မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အကြိမ်(၃၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

 

အကြိမ်(၃၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

၂ဝ၂၃ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အကြိမ်(၃၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို (၅-၈-၂ဝ၂၃)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြု‌သော ဆရာတော်(၁၁)ပါးကြွရောက်ချီးမြှင့်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များဟောကြားချီးမြှင့်သည့် ပရိတ်တရားတော်များကိုနာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆရာတော်များထံသို့ ဝါဆိုသင်္ကန်းများနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၎င်းနောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်ထံမှ ရေစက်ချနှင့် အနုမောဒနာတရား နာယူကြည်ညိုကာလှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။