နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကျင်းပ

၁၅ - ၈ - ၂ဝ၂၃ ရက်နေ့

နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ၁၄-၈-၂ဝ၂၃ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဆေးရုံအပ်ကြီးများ၊တက္ကသိုလ်မှ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ဌာနများအလိုက် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အပြည့်အဝအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ကိုယ်တိုင်အရည်အချင်းရှိပြီး နိုင်ငံတော် အပေါ်သစ္စာထားကာ အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံ၏အကျိုးစီးပွား၊ ပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်ရေးကို ယခင်ထက်ပိုမိုတိုးမြှင့် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များ၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို အလေးအနက်ထားဆောင်ရွက်နေပါကြောင်း၊ စားရေရိက္ခာဖူလုံရေးကဏ္ဍတွင် အဓိကကျသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေဥပဒေများနှင့်အညီ ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများ အပြည့်အဝအကျိုးရှိစွာအသုံးချရေး၊ မွေးမြူထုတ်လုပ်ခြင်းများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးနှင့် ထွက်ရှိရေးတို့ကို ကဏ္ဍအလိုက်စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးခြင်းများကို ထဲထဲဝင်ဝင်လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျရာကဏ္ဍမှ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် အမှန်တကယ်အောင်မြင် အောင်ထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ပုဂ္ဂလိကကဏ္ဍသည် အဓိကမောင်းနှင်အားဖြစ်ပြီး အစိုးရနှင့်ပုဂ္ဂလိက လက်တွဲညီညီဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး၊ ထိုက်သင့်သည့်ဈေးနှုန်းများ ဖြစ်စေရေး အလေးထား ဆောင်ရွက်နေပါကြောင်း၊ မလိုလားအပ်သည့် ငွေကြေးကောက်ခံမှုများမရှိစေရေး သက်ဆိုင်ရာဌာန များမှ အလေးအနက်ကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဘက်စုံပညာရေးစနစ်ကို ဖော်ဆောင်နေပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ပညာတတ်များ၊ ဗလငါးတန်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များအခြေခံသည့် အနာဂတ်ဖန်တီးပေးနိုင်ရန် စနစ်တကျ ပညာသင်ကြားရေးအတွက် ကျောင်းသား၊ မိဘ၊ဆရာသာမက အုပ်ချုပ်ရေးအဖွဲ့ပါ ပေါင်းစပ်ညှိနှိုင်း ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှပညာသင်ကြားနိုင်ဖြစ်ရာ ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍများကို မြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ အခွန်ထမ်းပြည်သူများ၏ အခွန်ငွေများကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ သုံးစွဲကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ ပြည့်ပြည့်ဝဝကောက်ခံ နိုင်ရေးစနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ ဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြား ရှင်းလင်းတင်ပြပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်၏မူဝါဒများ၊ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း နိဂုံးချုပ်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။