မန္တလေးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

၂၅ - ၈ - ၂ဝ၂၃ ရက်နေ့

         ၂ဝ၂၃ခုနှစ် အောက်တိုဘာလတွင် နေပြည်တော်၌ ကျင်းပမည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)၌ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၄-၈-၂ဝ၂၃)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)၌ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲကျင်းပရေးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ (ဗဟိုအဆင့်)ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ဉီးတည်ချက်များနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုရရှိအောင် စနစ်တကျ ကြိုတင် ပြင်ဆင် ဆောင်ရွက်ရေး၊ ယခင်နှစ်များက ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံ၊ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး လုပ်ငန်းကော်မတီအလိုက် လစ်ဟာမှု မရှိအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး၊ ပြိုင်ပွဲအမျိုးအစားအလိုက် အရည်အချင်းရှိသူများကို ရွေးချယ်ပြီး အကောင်းဆုံးဖြစ်အောင် စခန်းသွင်း လေ့ကျင့်ဆောင်ရွက်ရေးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်းက (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင် ပြိုင်ပွဲ အမျိုးအစားအလိုက် မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု များကိုလည်းကောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီနှင့် တက်ရောက်လာကြသူတို့မှ ပြိုင်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့် အကြံပြုဆွေးနွေး တင်ပြချက်များကိုလည်းကောင်း၊ ခရိုင်အလိုက်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ပြိုင်ပွဲများ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဂီတအစည်းအရုံးမှ တာဝန်ရှိသူများက ပြိုင်ပွဲနှင့်ပတ်သက်သည့် ဆွေးနွေးချက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။