ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် ထားရှိဖွင့်လှစ်သွားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဗန်းမော်ဆရာတော်ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် ထားရှိဖွင့်လှစ်သွားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး၊ ဩဂုတ် ၃

မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနမဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏ အဓိပတိ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ အထိမ်းအမှတ်ပြတိုက် ထားရှိဖွင့်လှစ်သွားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃-၈-၂ဝ၂၃) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင်အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဗန်းမော်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သည့် ဗန်းမော်ကျောင်းတိုက်အတွင်း အထိမ်းအမှတ်ပြတိုက်ထားရှိ ဖွင့်လှစ်သွားရေး အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကော်မတီများဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီးသာသနာ့ တာဝန်များကို ထမ်းဆောင်ရင်း အမြဲသီတင်းသုံးတော်မူခဲ့သည့် ကျောင်းဆောင်နှင့်ဆရာတော်ဘုရားကြီး သာသနာ့အကျိုးကို သယ်ပိုးဆောင်ရွက်ရင်းပျံလွန်တော်မူသည်အထိ သီတင်းသုံးတော်မူခဲ့သည့် ဝိဇ္ဇာစရဏ ကျောင်းတော်တို့အား ပြတိုက်အဖြစ်ပြုလုပ်သွားရန် ရွေးချယ်ထားပါကြောင်း၊ နာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒများခံယူကာ ပြတိုက်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး သက်ရှိစဉ်က ဗန်းမော်ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်ဆဲဖြစ်သည့် အာနန္ဒာပုံတူစေတီတော်အား ပြီးမြောက်သည်အထိ လိုအပ်ချက်များ ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ စေတီအတွင်းပူဇော်ထားရှိမည့် ၂၅ ပိဿာ ငွေသားစေတီတော်အတွက် လိုအပ်မည့် ငွေအားလည်း ပံ့ပိုးဖြည့်ဆည်း လှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ ဇာတိမြေ တောင်သာမြို့နယ်၊ နဘဲကျေးရွာတွင် ဆရာတော်ဘုရားကြီးအား ရည်စူး၍ စေတီတစ်ဆူတည်ထားကိုးကွယ် သွားနိုင်ရေးလွမ်းစေတီပုံစံများ ရေးဆွဲလျက်ရှိပါကြောင်း၊ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပဏတွင် လှူဒါန်းထားသည့်အများ ကုသိုလ်လှူဒါန်းငွေများဖြင့် ဆောင်ရွက်သွား မည်ဖြစ်ရာ စနစ်တကျစီမံ သုံးစွဲသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြတိုက်ပြုလုပ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးကျော်ဆန်းမှ ပြတိုက်အတွင်းထားရှိသွားမည့် ဆရာတော်ဘုရားကြီး၏ ရုပ်ထု၊ အသုံးအဆောင်၊ ကျမ်းစာအုပ်၊ ပြည်တွင်းပြည်ပဘွဲ့များနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးအဆောင် ပစ္စည်းများ ရေးသားခဲ့သည့် ကျမ်းစာအုပ်များ၊ ဖတ်ရှုလေ့လာခဲ့သည့်ကျမ်းစာအုပ်များ စသည်ဖြင့် အများပြည်သူလေ့လာနိုင်အောင် စုဆောင်းစီစဉ်ဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုဆွေးနွေးတင်ပြပြီး သက်ဆိုင်ရာ ဌာနများမှ တာဝန် ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှု များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗန်းမော်ကျောင်းတိုက် သို့သွားရောက်ပြီး တိုက်အုပ်ဆရာတော် ဥူးကောသလ္လအား ဖူးမြော်၍ ကျောင်းတိုက် အတွင်း ပြတိုက်ထားရှိဖွင့်လှစ်သွားရန် ပြတိုက်ပြုလုပ်မည့် ရွေးချယ်ထားသည့် ကျောင်းဆောင်နှင့်ပတ်သက် ဩဝါဒများခံယူပြီး ပြတိုက်ပြုလုပ်မည့် ကျောင်းဆောင် နှင့်တည်ထားကိုးကွယ်ဆဲစေတီဆောင်ရွက်နေမှုများအားကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။