မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် မဟာအောင်မြေခရိုင်အတွင်း သွင်းကုန်အစားထိုး MSME လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်

ကျောက်ဆည်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် မဟာအောင်မြေခရိုင်အတွင်း သွင်းကုန်အစားထိုး

MSME လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မန္တလေး၊ ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းနှင့် မဟာအောင်မြေခရိုင်အတွင်းရှိ သွင်းကုန်အစားထိုး MSME လုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင် မြစ်သား မြို့နယ် တမာပင်ကျေးရွာအုပ်စုရှိ ဦးမြင့်ဦး၏ ဥစားကြက်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံပိုင်ရှင် ဒေါက်တာသက်ဦးက ဥစားကြက်မွေးမြူရေးလုပ်ငန်းကို ၂ဝ၁၇ ခုနှစ်တွင် စတင်လုပ်ကိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ ကြက်မွေးမြူရေးခြံတည်ဆောက်ထားရှိမှု၊ ဥကြက်မအကောင်ရေ (၉၃၈၀၀)ကောင် မွေးမြူထားပြီး တစ်ရက်ပျှမ်းမျှ ကြက်ဥ (၇၅၀၀၀)လုံး ထွက်ရှိမှု၊ ကြက်ဥနှင့် ကြက်စာသိုလှောင်ရုံများ တည်ဆောက်ထားရှိမှု ၊ကြက်ဥများနှင့်ဆက်စပ်အသုံးပြုနေသည့်စားသောက်ကုန်လုပ်ငန်းများနှင့်ဈေးကွက် အတွင်းဖြန့်ချိမှုနှင့် ကြုံတွေ့နေရသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး နိုင်ငံတော်၏မူဝါဒများနှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အလေးထားဆောင်ရွက်နေပါကြောင်း၊လုပ်ငန်းရှင်များ၏ အမှန်တကယ်ကြုံတွေ့နေရသည့် အခြေအနေများကိုသိရှိကာ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ အခြေခံစားသောက်ကုန်များ ထိုက်သင့်သည့် ဈေးများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားခြင်း၊ အဆင့်ဆင့်ရောင်းချမှုများခြင်းတို့ကြောင့် အခြေခံစားသောက်ကုန်များမှာဖြစ်သင့်သည့်ဈေးနှုန်း များထက်ပိုမိုမြင့်နေပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များပိုမိုထုတ်လုပ်သွားရန်၊ စားသုံးသူများထိုက်သင့်သည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်၊ ပြည်ပမှမွေးမြူရေး အစား အစာသွင်းအားစုများ ဝယ်ယူနေမှုအားလျော့ချနိုင်ရေး ပြည်တွင်း၌ထုတ်လုပ်သွားနိုင်ရန် နည်းလမ်းများ ရှာ‌ဖွေကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကြက်မွေးမြူရုံ၊ ကြက်ဥနှင့် ကြက်စာသိုလှောင်ရုံများအတွင်း လိုက်လံကြည့်ရှုခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုစိုက်ပျိုးမွေးမြူရေး တွဲဖက်သင်ကြားပေးသည့် အခြေခံပညာအထက်တန်းကျောင်း(မြစ်သား)သို့ ရောက်ရှိ ပြီးစိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များ သင်ကြားနေမှုအား ကြည့်ရှုကာ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဘာသာရပ်အလိုက် သင်ကြားပေးသည့် ဆရာဆရာများနှင့် တာဝန်ရှိသူများက စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှု အခြေခံပညာအထက်တန်းကျောင်း၌ကျောင်းသား ကျောင်းသူ ၁၅၀၀ ဦး ကျော် ပညာသင်ကြားနေပြီး စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းတွဲဖက်ဖွင့်လှစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်တွင် ကျောင်းသား ကျောင်းသူ ၃၄ ဦးအား သင်ကြားပေးနေမှု၊ ဘာသာရပ်များတွင်ပါဝင်သည့် သင်ခန်းစာများနှင့်ပတ်သက်၍ သင်ကြားမှုအပိုင်းနှင့်လက်တွေ့ဆောင်ရွက်မှုအပိုင်း၊ လက်တွေ့ခန်းသုံးပစ္စည်းလိုအပ်မှုတို့ကို ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်မှ ပညာရေးကဏ္ဍမြင့်မားစေရန် အဘက်ဘက်မှပံ့ပိုးနေပါကြောင်း၊ နိုင်ငံသားတိုင်း KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးကို မူဝါဒချမှတ်ကာ အလေးအနက်ထားဆောင်ရွက်နေပါကြောင်း၊ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီး အထက်တန်းအဆင့်သို့ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်မတက်ရောက်လိုသူများအတွက် သက်မွေးဝမ်းကျောင်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ကြားနိုင်မည့်ကျောင်းများတွင် သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေး မန္တလေးတိုင်းဒေသကြီးအတွင်း(၅)ကျောင်းအပါအဝင် ခရိုင် ၅၀ အတွင်း မြို့နယ်များရှိ အခြေခံပညာအထက်တန်း ကျောင်း(၅၁)ကျောင်းတွင် တွဲဖက်ဖွင့်လှစ်သင်ကြားပေးနေပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ရေရှည်တွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့်ပတ်သက်သည့် ပညာတတ်များစွာလိုအပ်ပါကြောင်း၊ နိုင်ငံတော်မှ စီမံဖော်ဆောင်ပေးသည့် ပညာရေးအခွင့်အလမ်းများကို ရယူကာ ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ အပတ်တကုတ်ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်နိုင်ရေး၊ အနာဂတ်ပညာရေးနယ်ပယ်ကဏ္ဍများမြင့်မားတိုးတက်ရေးအတွက် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းပြောကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းသားကျောင်းသူများ လက်တွေ့စိုက်ပျိုးထားသည့် စိုက်ခင်များအား ကြည့်ရှုပြီး နွေးထွေးစွာနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ် မန္တလေးစက်မှုဇုန်(၁)ရှိ  Good Brothers  လယ်ယာသုံး  စက်ကိရိယာ  ထုတ်လုပ်တပ်ဆင်ရေးလုပ်ငန်းသို့ရောက်ရှိရာ ဒါရိုက်တာအဖွဲ့ဝင်  ဦးမျိုးမြင့်ထွန်းက  လယ်ယာသုံးစက်ကိရိယာ  ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းများ လည်ပတ်နေမှု၊ ဈေးကွက်အတွင်းဖြန့်ချိနေမှု၊ လျှပ်စစ်ဓာတ်အားရရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် တွဲဖက်အသုံးပြုနိုင်ရန် စီစဉ်နေမှု၊ လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်နှင့်အညီ လက်မှုလယ်ယာမှ စက်မှုလက်ယာသို့ ပြောင်းလဲလုပ်ကိုင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ MSME ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြည်ပသွင်းကုန်အစားထိုးကာ ပြည်တွင်းထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်ရေး အားပေးဖြည့်ဆည်းပေးနေပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အပေါ် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းအသွယ်သွယ်ဖြင့်   ကြိုးစားဆောင်ရွက်နေပါကြောင်း၊   စိုက်ပျိုးရေးတွင်   အမှန်တကယ်လိုအပ်သည့်   စက်ကရိယာများကို  တီထွင်ဖန်တီးထုတ်လုပ်ပြီး  ထိုက်သင့်သည့် ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် စိုက်ပျိုးရေးလုပ်သားရရှိမှု အခက်အခဲများအား ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ သမရိုးကျလုပ်ကိုင်ရာမှစက်ကိရိယာများဖြင့်တွဲ ဖက်လုပ်ကိုင်ခြင်းဖြင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းပိုမိုတွင်ကျယ်လာမည် ဖြစ်ပါ ကြောင်း ပြောကြာပြီး Good Brothers လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးထုတ် လုပ်တပ်ဆင်ရေးလုပ်ငန်းခွင်အတွင်းလိုက်လံကြည့်ရှုခဲ့သည်။