မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်စည်ဒိုင်များ၊ ကုန်သိုလှောင်တင်ပို့ရောင်းချသူများနှင့် တွေ့ဆုံပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်စည်ဒိုင်များ၊ ကုန်သိုလှောင်တင်ပို့ရောင်းချသူများနှင့် တွေ့ဆုံပွဲပြုလုပ်

၁၅ - ၈ - ၂ဝ၂၃ ရက်နေ့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုန်စည်ဒိုင်များ၊ ကုန်သိုလှောင် တင်ပို့ရောင်းချသူများနှင့်တွေ့ဆုံပွဲကို ၁၄-၈-၂ဝ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ မြို့တော်ခန်းမတွင်ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ကုန်စည်ဒိုင်နှင့် ကုန်သိုလှောင်တင်ပို့ရောင်းချသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှုမှန်ကန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုန်စည်ထုတ်လုပ်မှုတွင် အကြောင်းအမျိုးမျိုး ကြောင့် (ထုတ်လုပ်၊ သယ်ပို့၊ သိုလှောင်၊ ဖြန့်ဖြူး) သည့်အခါ ကုန်ဈေးနှုန်းများ ပြောင်းလဲလာသည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် သင့်လျော်သော ဈေးနှုန်းဖြစ်စေရန် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု စရိတ်သက်သာစေရေး၊ စားသုံးသူများအတွက် ထိုက်သင့်သည့်ဈေးနှုန်းဖြစ်စေရေး၊ အဆင့်ဆင့်ရောင်းချမှုများ လျှော့ချနိုင်ရန်၊ ထုတ်လုပ်သူနှင့် စားသုံးသူ တိုက်ရိုက်ဝယ်ယူစားသုံးနိုင်မည့်နည်းလမ်းများ၊ ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ၊ ပြည်ပမှ တင်သွင်းနေသည့် သွင်းကုန်အစားထိုး ထုတ်ကုန်ကဏ္ဍနှင့် ပို့ကုန်ကဏ္ဍတို့ကိုပိုမိုတိုးမြှင့်လာအောင် ရေတိုရေရှည်ထည့်သွင်း တွက်ချက်ကာ အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်စေချင်ပါကြောင်း၊ ကုန်ပစ္စည်းများသိုလှောင်ပြီး ဈေးကစားခြင်းမရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်မှ ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အများပြည်သူစားသုံးသူများ တိုက်ရိုက်ဝယ်ယူနိုင်ရန် အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ သားငါးမျိုးစုံနှင့် ဟင်းသီးဟင်းရွက် တို့ကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးနေပါကြောင်းနှင့် တက်ရောက်လာကြသူများမှလည်း ကုန်စည်စီးဆင်းမှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကုန်စည်စီးဆင်းမှုမှန်ကန်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကာ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မလိုလားအပ်သောကိစ္စရပ်များ မဖြစ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာကြသည့် ကုန်စည်ဒိုင်များ၊ ကုန်သိုလှောင်တင်ပို့ရောင်းချသူများက ကုန်စည်စီးဆင်းမှုနှင့် လည်ပတ်ဆောင်ရွက်နေမှုများ၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ရောင်းဝယ်ရေးကဏ္ဍတို့တွင် ကြုံတွေ့နေရသည့် အခြေအနေများနှင့် အကြံပြုဆွေးနွေးတင်ပြချက်များကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း ကုန်းလမ်း၊ ရေလမ်းနှင့် မီးရထားလမ်းတို့ မှတဆင့် ကုန်စည်စီးဆင်းမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း တင်းရရှိသည်။