အိန္ဒိယနိုင်ငံ၏ လစူးစမ်းယာဉ် လ၏တောင်ဝင်ရိုးစွန်းအနီး ကမ္ဘာ့ပထမဆုံး အောင်မြင်စွာဆင်းသက်နိုင်ခြင်း အထိမ်းအမှတ် Mission Mangal အိန္ဒိယရုပ်ရှင်ဇာတ်လမ်းပြသ

အိန္ဒိယနိုင်ငံ၏ လစူးစမ်းယာဉ် လ၏တောင်ဝင်ရိုးစွန်းအနီး ကမ္ဘာ့ပထမဆုံး အောင်မြင်စွာဆင်းသက်နိုင်ခြင်း

အထိမ်းအမှတ် Mission Mangal အိန္ဒိယရုပ်ရှင်ဇာတ်လမ်းပြသ

၂၅ - ၈ - ၂ဝ၂၃ရက်နေ့

မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ၏ လစူးစမ်းလေ့လာရေး Chadrayaan-3 အာကာသယာဉ် လမျက်နှာပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်မှု အထိမ်း အမှတ်အဖြစ် အိန္ဒိယရုပ်ရှင်ဇာတ်ကား Mission Mangal အိန္ဒိယရုပ်ရှင်ဇာတ်လမ်းပြသခြင်းအခမ်းအနားကို (၂၄ - ၈ - ၂ဝ၂၃)ရက်နေ့ ညနေပိုင်းက ချမ်းမြသာစည်မြို့နယ် Mandalay Convention Centre ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushalနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

အခမ်းအနား၌ မန္တလေးမြို့အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ အိန္ဒိယကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushalက အိန္ဒိယနိုင်ငံ၏ လစူးစမ်းလေ့လာရေး Chadrayaan-3 အာကာသယာဉ်သည် ဩဂုတ် ၂၃ ရက်နေ့ အိန္ဒိယဒေသစံတော်ချိန် ညနေ ၆နာရီ ဝ၄ မိနစ် ဝန်းကျင်၌ လမျက်နှာပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ကြောင်း၊ ယခုလို ချောမွေ့စွာဆင်းသက်နိုင်မှုမျိုးမှာ အိန္ဒိယနိုင်ငံအနေ ဖြင့် ကမ္ဘာပေါ်တွင် စတုတ္တမြောက်နိုင်ငံဖြစ်လာပြီး ယခင်က ဆိုဗီယက်ယူနီယံ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ရှိခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံသည် လ၏မျက်နှာပြင် တောင်ဝင်ရိုးစွန်းအနီး၌ ဆင်းသက်နိုင်သည့် ကမ္ဘာ့ပထမဆုံးဆင်းသက်မှုနိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ယခုလို အောင်မြင်မှုမျိုးမှာ အိန္ဒိယနိုင်ငံ၏ အာကာသဆိုင်ရာ ကျွမ်းကျင်မှုနှင့်သိပ်ပ္ပံပညာရှင်များ၏ ကြိုးစားအားထုတ်မှုကိုထင်ဟပ်စေပါကြောင်း၊ ၁၉၆၉ ခုနှစ်တွင် Dr.Vikram Sarabhaiတည်ထောင်ခဲ့သော အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်းမှာ ယခုအခါ အဆင့်မြင့်ဆုံးအာကာသသုတေသနအဖွဲ့များထဲက တစ်ခုဖြစ်လာပါကြောင်း၊ ဆယ်စုနှစ်ငါးစုအတွင်း အောင်မြင်မှုမှတ်တိုင် တင်နိုင်ခဲ့ပါကြောင်း၊ ယနေ့ပြသည့် အိန္ဒိယရုပ်ရှင်ဇာတ်ကားမှာ ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၄ ရက်က Mars ဂြိုဟ်ပေါ်သို့လွှတ်တင်ရာ ပထမဆုံးအကြိမ်မှာပင် အောင်မြင်စွာ ဆင်းသက်နိုင်မှုအား ကျောရိုးနောက်ခံပြု၍ အာကာသသိပ္ပံပညာရှင်များ၏ စွမ်းစွမ်း တမံကြိုးစားအားထုတ်မှုကို ပုံဖော်ရိုက်ကူးထားသည့်ဇာတ်ကားဖြစ်ပြီး ယခုကြိုးစား အောင်မြင်မှုအား ဂုဏ်ပြုသည့်အနေဖြင့် တင်ဆက်ပြသခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုးစားအောင်မြင်မှုနှင့်ပတ်သက်၍ ဂုဏ်ပြုစကားပြောကြားရာတွင် အိန္ဒိယနိုင်ငံ၏ အာကာသခရီးမှာသာမက ကမ္ဘာပေါ်ရှိ သိပ္ပံပညာအသိုင်းအဝိုင်းနှင့် လူသားများအတွက်ပါ ယခုလိုအခက်အခဲများကြားမှ ကြိုးစားအောင်မြင်မှုသမိုင်းမှတ်တိုင်စိုက်ထူနိုင်ခြင်းအတွက်ဂုဏ်ပြုချီးကျူးပါကြောင်း၊ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် လမျက်နှာပြင်ပေါ်သို့ အောင်မြင်ချောမွေ့စွာ ဆင်းသက်နိုင်ခဲ့သည့် စတုတ္တမြောက်နိုင်ငံ၊ လ၏မျက်နှာပြင် တောင်ဝင်ရိုးစွန်းအနီး၌ ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံအဖြစ် အချိန်တိုတိုအတွင်း စွမ်းစွမ်းတမံကြိုးစားအောင်မြင်မှုများကို သမိုင်းမှတ်တိုင်တင်နိုင်ခဲ့သည့်အတွက် ထပ်မံဂုဏ်ပြုပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ယခုထက်ပိုမိုမြင့်မားသောမှတ်တိုင်များကို ဆက်လက်အောင်မြင်စွာ စိုက်ထူသွားနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း ဂုဏ်ပြုပြောကြားခဲ့ပြီး   အာကာသသိပ္ပံပညာရှင်များ၏ စွမ်းစွမ်းတမံကြိုးစားအား ထုတ်မှုကိုပုံဖော်ရိုက်ကူးထားသည့်ရုပ်ရှင်ဇာတ်ကားတင်ဆက်ပြသမှုကို ခံစားကြည့် ရှုအားပေးပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းနှင့် ဂုဏ်ပြုဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။