လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည့် အခမ်းအနား

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်သည့် အခမ်းအနား

(၇-၈-၂၀၂၃) ရက်နေ့

၂ဝ၂၃ ခုနှစ် သြဂုတ်လ (၇)ရက်နေ့ နေ့လည်ပိုင်း၌ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် လူငယ်ရေးရာဦးစီး ဌာနမှ ညွန်ကြားရေးမှုးချုပ်ဦးနေဝင်းတို့နှင့်အတူ မော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာခဲ့ရာ ရမည်းသင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်(၁)ဒုဗိုလ်မှုးကြီးဇော်မျိုးထက်၊ အဖွဲ့ဝင်(၂) ဦးစံထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီးမင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်ရွှေသိန်းနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကြိုဆိုခဲ့ကြပါသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ် (ရမည်းသင်း)ကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဌာနမှုးများ၊ ကျောင်းသား/သူများစုစုပေါင်း အင်အား ၃၇ဝ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဖြစ်ပါကြောင်း၊ မိမိတို့တက်ရောက်နေသည့် ဘာသာရပ်များအလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတိုင်းတွင် လူငယ်များကို ထူးချွန်အောင်ပျိုးထောင်ပေးလျှက်ရှိပါကြောင်း၊ ကျောင်းရှိဆရာ/ ဆရာမများအနေဖြင့်လည်း ကျောင်းသား/သူများကို နည်းမှန်လမ်းမှန်ဖြင့် လမ်းပြသင်ကြားပေးဖို့လည်း အထူးလိုအပ်ပါကြောင်း၊ မန္တလေးတိုင်းအားကစားနှင့်ကာယပညာဦးစီးမှုးမှ “လူငယ်နှင့်အားကစားခေါင်းစဥ်” ဖြင့်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှုးမှ “လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဥ်”ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ ဗဟုသုတဉာဏ်စမ်းမေးခွန်းများအား မေးမြန်းခဲ့ပြီး ကျောင်းသား/သူများကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ဒုတိယဝန်ကြီးမှ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအတွက် အားကစားပစ္စည်းများပေးအပ်လှုဒါန်းခဲ့ရာ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။