Types: Topics
Categories: စီမံကိန်းနှင့်ဘဏ္ဍာရေး
agencies: မြန်မာ့အာမခံလုပ်ငန်း

 

အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်း

 

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် ယာဉ်အားလုံး (ကိုယ်ပိုင်/အငှား)၊ ယာဉ်အရောင်းပြခန်းတွင်ထားရှိသော ယာဉ်နှင့် ဆိုင်ကယ်များ အလုံးစုံမော်တော် ယာဉ်အာမခံ ထားရှိနိုင်ပါသည်။
ယာဉ်ပိုင်ရှင်၊ အစိုးရဌာန/ကုမ္ပဏီများမှ တာဝန်ရှိသူ၊ အငှားဝယ်စနစ်ဖြင့် ရောင်းသူ/ဝယ်သူ များ အလုံးစုံမော်တော်ယာဉ်အာမခံထားရှိနိုင်ပါသည်။
အာမခံထားငွေကို ယာဉ်အသစ်များအတွက် အဝယ်ပြေစာပါတန်ဖိုး ယာဉ်ဟောင်းများ အတွက် ကာလပေါက်စျေး ထားရှိနိုင်ပါသည်။ (ကာလပေါက်စျေးနှင့် နည်းလွန်းခြင်း၊ များလွန်း ခြင်း သတိပြုလက်ခံရပါမည်။)
ပရီမီယံနှုန်းကို အလုံးစုံအာမခံထားငွေ၊ အင်ဂျင်ပါဝါ၊ တင်ဆောင်နိုင်သည့် တင်အား၊ ကိုယ်ပိုင်/အငှားပေါ်တွင်မူတည်၍ နှုန်းထားသတ်မှတ်ပါသည်။ တစ်ပြိုင်နက်တည်း ယာဉ် ၁၀ စီး၊ ၁၀ စီး အထက်ထားရှိပါက အုပ်စုဟု သတ်မှတ်၍ အခြေခံပရီမီယံပေါ်မှ ၁၀% လျော့ပေး ပါသည်။
အာမခံသက်တမ်းမှာ ပရီမီယံပေးသွင်းသည့်နေ့မှ စတင်၍ အများဆုံး ၁ နှစ်၊ ၃ လ၊ ၆ လ၊ ၉ လ စသည်ဖြင့် ထားရှိနိုင်ပါသည်။ ၃ လအတွက် ၁ နှစ် ပရီမီယံ၏ ၃၅%၊ ၆ လအတွက် ၁ နှစ် ပရီမီယံ၏ ၆၀% ၊ ၉ လအတွက် ၁ နှစ် ပရီမီယံ၏ ၈၅% ဖြစ်ပါသည်။
လျော်ကြေးမဲ့ဆုကို အာမခံစတင်သည့်နှစ်တွင် မရရှိနိုင်ပါ။ အာမခံထားရှိပြီး လျော်ကြေး တောင်းခံခဲ့ခြင်းမရှိပါက ဆက်လက်ထားရှိမည့်နှစ်များတွင် လျော်ကြေးမဲ့ဆုကို အောက်ပါအတိုင်း ခံစားခွင့်ရှိပါသည်။

ကိုယ်ပိုင်ယာဉ် အငှားယာဉ် မော်တော်ဆိုင်ကယ်
အာမခံထားသည့် ဒုတိယနှစ်  ၂၅%   ၁၅% ၁၅%
အာမခံထားသည့်တတိယနှစ် ၃၀%   ၂၀% ၂၀%
အာမခံထားသည့် စတုတ္ထနှစ် ၄၀%   ၂၅% ၂၅%

 

အလုံးစုံမော်တော်ယာဉ်အာမခံ အကာအကွယ်တွင် မိမိယာဉ်ပျက်စီးမှု (Owndamage Cover) နှင့် သူတစ်ပါးသို့ပေးလျော်ရန်တာဝန် (Third Party Liability) တို့ပါဝင်ပါသည်။
အပိုအကာအကွယ်များအဖြစ် သပိတ်မှောက်ခြင်း၊ အဓိကရုဏ်ဖြစ်ခြင်း၊ ဆူပူမငြိမ်မသက် ဖြစ်ခြင်း (၇၂နာရီအတွင်းသာ) တို့အတွက် ကျသင့်ပရီမီယံနှုန်း - အာမခံထားငွေ၏ ၀.၀၅%၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ တောင်ပြိုခြင်း တို့အတွက် ကျသင့် ပရီမီယံနှုန်း - အာမခံထားငွေ၏ ၀.၀၅%၊ စစ်နှင့်စစ်အသွင် ဖြစ်ပွားခြင်းအတွက် ကျသင့်ပရီမီယံ နှုန်း - အာမခံထားငွေ၏ ၀.၀၅% ၊ ခိုးယူမှုအတွက် ကျသင့်ပရီမီယံနှုန်း - အခြေခံပရီမီယံပေါ်မှ ၁၅% ၊ လေကာမှန်အကာအကွယ်ကို ရှေ့လေကာမှန်တန်ဖိုးပေါ်တွင် ကျသင့်ပရီမီယံ ၅% (မှန်တန်ဖိုး ကျပ် ၃၀ သိန်းအထိသာ) သတ်မှတ်ကောက်ခံပါသည်။


နှုတ်ဖြတ်ငွေကို ကိုယ်ပိုင်ယာဉ်များတွက် ကျပ် ၂၀၀၀၀/- သတ်မှတ်ထား၍ မနှုတ်ဖြတ်စေ လိုပါက ၂၀၀၀/- ကျပ်ပေးသွင်းရန်၊ ကိုယ်ပိုင်ယာဉ်များတွက် ကျပ် ၄၀၀၀၀/- သတ်မှတ်ထား၍ မနှုတ်ဖြတ်စေ လိုပါက ၄၀၀၀/- ကျပ်ပေးသွင်းရန် သတ်မှတ်ထားပါသည်။


အာမခံထားသည့်ယာဉ် ရောင်းချရာတွင် မိမိပိုင်အခြားယာဉ်ကို အစားထိုးနိုင်ခြင်း၊ ပိုင်ရှင် အမည်ပြောင်းလဲခြင်း၊ အာမခံထားငွေအား ကာလပေါက်စျေးပြောင်းလဲမှုအရ ပြင်ဆင်ခြင်းတို့ ပြုလုပ်နိုင်ပြီး ပရီမီယံပို/လိုရှိပါက ညှိနှိုင်းကောက်ခံမည်ဖြစ်ပါကြောင်းနှင့် ပိုင်ရှင်ပြောင်းပါက ကျပ် ၂၅၀၀/- ပေးသွင်းရမည်ဖြစ်ပါသည်။


အလုံးစုံမော်တော်ယာဉ်အာမခံ လျော်ကြေးပေါ်ပေါက်ပါက မြန်မာ့အာမခံလုပ်ငန်းသို့ ချက်ချင်းအကြောင်းကြား၍ ၁ လအတွင်း လျော်ကြေးတောင်းခံရမည်။ အာမခံထားသည့် ယာဉ် အမှတ်နှင့် ယာဉ်ပျက်စီးမှု မှတ်တမ်းဓါတ်ပုံများ တင်ပြရမည်။ ယာဉ်ပျက်စီးမှုအား မြန်မာ့အာမခံ လုပ်ငန်း တာဝန်ရှိသူများက မျက်မြင်စစ်ဆေးမည်။ လျော်ကြေး တောင်းခံရာတွင် ကုန်ကျစရိတ် ပြေစာများ တင်ပြတောင်းခံရမည်။


တစ်နှစ်အတွင်း ၂ ကြိမ် (သို့) ၂ နှစ်ဆက်တိုက် လျော်ကြေးပေါ်ပေါက်ပါက (အာမခံထားငွေ ကျပ် ၅၀၀၀၀/- အထက်ဖြစ်လျှင်) ကျသင့်ပရီမီယံ၏ ၁၅% ကောက်ခံမည်။
မော်တော်ယာဉ်အမျိုး အစားအလိုက် မောင်းနှင်ခွင့်ရှိသောသတ်မှတ်ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်ခြင်းမဟုတ်ပါက ပေါ်လစီပါစည်းကမ်းချက်အတိုင်း ဆောင်ရွက်ပါမည်။

အလုံးစုံမော်တော်ယာဉ်အာမခံထားသည့်ယာဉ်အတွက် အမျိုးမျိုးသော မတော်တဆထိခိုက်မှု များကြောင့် ပျက်စီးခြင်း၊ တိမ်းမှောက်ခြင်းတို့အတွက် ဆုံးရှုံးမှုအတိုင်းအတာအရ ပျက်စီးသည့် အစိတ်အပိုင်းအလိုက် ရာခိုင်နှုန်းသတ်မှတ်ချက်မူဖြင့် တွက်ချက်ပေးလျော်ပါသည်။ (အာမခံထားငွေ အထိ အများဆုံး လျော်ကြေးရနိုင်ပါသည်။)

အလုံးစုံမော်တော်ယာဉ်အာမခံထားရှိခြင်းဖြင့် ယာဉ်ပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျခြင်း၊ မီးလောင်ပျက်စီးခြင်း (မိုးကြိုးပစ်ခြင်း၊ ယာဉ်မှအလိုအလျောက်မီးလောင်ခြင်း၊ ပြင်ပမီး ကူးစက် လောင်ခြင်း၊ ပြင်ပပေါက်ကွဲမှုကြောင့် ယာဉ်ပျက်စီးခြင်း)၊ ယာဉ်မလိုတမာဖျက်စီးခံရခြင်း၊ ရေလမ်း၊ ကုန်းလမ်းဖြင့်သယ်ယူပို့ဆောင်စဉ်ပျက်ဆီးခြင်း၊ သပိတ်မှောက်ခြင်း၊ အဓိကရုဏ်ဖြစ်ခြင်း၊ ဆူပူ ထကြွ မငြိမ်မသက်ဖြစ်ခြင်းကြောင့် ယာဉ်ပျက်စီးခြင်း (၇၂ နာရီအတွင်းသာ)၊ ယာဉ်ထိခိုက်ပျက်စီး မှုဖြစ်ပွားပါက အနီးစပ်ဆုံးဝပ်ရှော့ (သို့မဟုတ်) လုံခြုံရာနေရာသို့ ဆွဲယူသွားရပါက ယာဉ်ပျက်ဆွဲယူ စရိတ်အများဆုံး ကျပ် ၁ သိန်းထိ၊ တရားရုံးစရိတ် အမှုတစ်ခုအတွက် အများဆုံး ကျပ် ၂ သိန်းထိ ရရှိနိုင်ပါသည်။

အလုံးစုံမော်တော်ယာဉ်အာမခံထားသည့်ယာဉ်ကြောင့် သူတစ်ပါးပိုင်ယာဉ်နှင့် ပစ္စည်းပျက်စီး ဆုံးရှုံးမှုများအတွက် ပျက်စီးသည့်အတိုင်းအတာအထိ ပေးလျော်ခြင်း၊ အာမခံထားသည့်ယာဉ် ထိခိုက်မှုကြောင့် ယာဉ်ပိုင်ရှင်အပါအဝင် မည်သူမဆို သေဆုံးခြင်း၊ ဒဏ်ရာရခြင်းအတွက် တစ်ဦး လျှင် ကျပ် ၁၀ သိန်း အထိ ပေးလျော်ခြင်း (ဖြစ်ရပ်တစ်ခုအတွက် အများဆုံးရရှိနိုင်သည့် လျော်ကြေး မှာ ကျပ်သိန်း ၅၀၀ ဖြစ်ပါသည်။)



 

Form Download:

အလုံးစုံမော်တော်ယာဉ်အာမခံလုပ်ငန်းပုံစံ

 ဦးစီးဌာန: မြန်မာ့အာမခံလုပ်ငန်း

 

မြန်မာ့အာမခံလုပ်ငန်းရှိ အခြားသော Topics များ