နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ဌာနခွဲ

Category: သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

 Agency: သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) စတင်ဖွင့်လှစ်ခြင်း

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ကို ၁၃၄၈-ခုနှစ်၊ဝါခေါင်လပြည့်ကျော်(၁) ရက်၊ (၂၁-၈-၈၆) နေ့တွင် စတင်ဖွင့်လှစ်ပါသည်။ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ (၁၅-၇-၉၂) ရက်နေ့တွင် စတင်တာဝန်ယူပါသည်။

တည်နေရာနှင့်အကျယ်အဝန်း

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေ သာစံမြို့နယ်၊ ၆၂-လမ်း၊ အတုမရှိကျောင်းတော်ကြီး၏ အရှေ့ဘက် သီပေါမင်း၏ မိဖုရားခေါင်ကြီး စုဖုရားလတ်၏ ကောင်းမှုတော် "မဟာဝိဇယပုည မှန်ကျောင်း" မြေနေရာပေါ်တွင် တည်ရှိပြီး (၂၂)ဧက ကျယ်ဝန်းပါသည်။

တက္ကသိုလ်၏ ရည်ရွယ်ချက်များ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တည်ထောင်ဖွင့်လှစ်ခြင်း၏ အဓိကရည်ရွယ်ချက် များမှာ-

(က) ဂိုဏ်းပေါင်းစုံ သံဃသမ္မုတိရသံဃကိုယ်စားလှယ်(၁၀၀၀)ကျော်တို့၏ဆန္ဒနှင့်အညီ ဗုဒ္ဓ သာသနာတော်  သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် အထက်တန်းကျကျ ဆောင်ရွက် ရန်။
(ခ) ပထမဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးကြီးက ချမှတ်ထားသော ဖော်ပြလတ္တံ့ပါ အရည် အချင်းများနှင့် ပြည့်စုံစေရန်-
  ၁။ အကျင့်သိက္ခာမြင့်မားစေခြင်း။
 

၂။ ပိဋကတ်ကျမ်းဂန် နှံ့စပ်စေခြင်း။

 

၃။ ပါဠိဘာသာ တတ်မြောက်ကျွမ်းကျင်စေခြင်း။

 

၄။ မြန်မာစာပေအရေးအသား တော်စေခြင်း။

(ဂ)

ပြည်တွင်းပြည်ပတို့၌ သာသနာပြုစွမ်းနိုင်သော ရဟန်းတော်များ ပေါ်ပေါက်လာစေ ရန်နှင့် အထူးအားဖြင့် သင်တန်းသား ရဟန်းသံဃာများအား ဆင်းရဲချမ်းသာမရွေး၊ ကျေးလက် တောရွာပါမကျန် နေထိုင်သီတင်းသုံး၍ သာသနာပြုနိုင်သည့် စိတ်ဓါတ် မျိုး၊ အလေ့အကျင့် မျိုး ရရှိအောင် ဆောင်ရွက်ပေးရန်။

(ဃ)

လူအများ တွေ့ကြုံခံစားနေရသော ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်း၊ နှလုံး မသာ မယာခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ကို ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသနာဖြင့် သက်သာ ပျောက်ကင်း ချမ်းသာစေရန်။

(င)

သာသနာ့တက္ကသိုလ်သည် ကမ္ဘာ့နိုင်ငံများရှိ ဗုဒ္ဓဘာသာဆိုင်ရာတက္ကသိုလ်များ၏ အဆင့် အတန်းအောက် မနိမ့်ကျစေဘဲ ညီမျှသော အဆင့်အတန်းတွင် ရှိနေစေရန်။

တက္ကသိုလ်ဝင်ခွင့်နှင့်အရည်အချင်း

(က) အစိုးရပထမကြီးတန်း၊ စေတီယင်္ဂဏစာသင်တန်း၊  သကျသီဟစာသင်တန်း တစ်ခုခုကို  အောင်မြင်ပြီးသူဖြစ်ရမည်။
(ခ) အသက်(၃၀)နှစ် သိက္ခာ(၁၀)ဝါထက်မကြီးသော ရဟန်းနှင့်သာမဏေများ ဖြစ်ရမည်။
(ဂ) ရဟန်းကျင့်ဝတ်၊ရှင်ကျင့်ဝတ်၌တည်ရှိပြီး လဇ္ဇီပေသလ သိက္ခာကာမရှိသူ ဖြစ်ရမည်။
(ဃ)

ကျန်းမာရေးကောင်းမွန်ရမည်။

(င)

သာသနာ့တက္ကသိုလ်က ပေးအပ်သောဘွဲ့ကို ရရှိပြီးသောအခါ သာသနာ့တက္ကသိုလ်က ပေး အပ်သော တာဝန်ကို အနည်းဆုံး(၂)နှစ်၊ (၂၄)လ မပျက်မကွက် တာဝန်ယူ ထမ်းဆောင်ရမည်။

(စ)

မိမိအား တာဝန်ယူမည့် ဥပဇ္စျာယ်ဆရာ (သို့မဟုတ်) မိမိအား တာဝန်ယူမည့် ဆရာတော် တစ်ပါးပါး၏ အပ်နှံလွှာ ပါရှိရမည်။

 

ဝင်ခွင့်စာမေးပွဲ

ပထမနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို နှစ်စဉ် တန်ဆောင်မုန်းလတွင် ကျင်းပပါသည်။

ပညာသင်ကာလနှင့်သင်တန်းချိန်

နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်းနှစ်ဝက်နှင့် နယုန် လဆန်း(၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ် ရက်အား သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ သတ်မှတ်ထား ပါသည်။ သင်တန်းချိန်အား လစဉ်လပြည့်၊လကွယ်၊(၇)ရက်အဖိတ်၊(၈)ရက် ဥပုသ်နေ့များမှအပ နေ့စဉ် နံနက်(၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ(၁၀:၀၀)နေ့စာသင်ချိန်၊ (၁၀:၃၀) နာရီမှ(၁၁:၀၀)နာရီထိနေ့ဆွမ်း၊နေ့လည်(၁၃:၀၀)နာရီမှညနေ(၁၆:၀၀)နာရီအထိ ညနေ စာသင်ချိန်၊  ညနေ(၁၇:၄၅)နာရီမှ(၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။ 

ပညာသင်ကာလနှင့်သင်တန်းချိန်

နှစ်စဉ် နတ်တော်လဆန်း(၁)ရက်မှ တန်ခူးလပြည့်နေ့အထိ ပထမပိုင်းနှစ်ဝက်နှင့် နယုန် လဆန်း(၁)ရက်မှ သီတင်းကျွတ်လပြည့်နေ့အထိ ဒုတိယပိုင်းနှစ်ဝက်ဟု ပိုင်းခြားထားပြီး ကျောင်းပိတ် ရက်အား သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလကွယ်နေ့အထိ သတ်မှတ်ထား ပါသည်။ သင်တန်းချိန်အား လစဉ်လပြည့်၊လကွယ်၊(၇)ရက်အဖိတ်၊(၈)ရက် ဥပုသ်နေ့များမှအပ နေ့စဉ် နံနက်(၀၅:၃၀)နာရီ အရုဏ်ဆွမ်း၊ နံနက်(၀၇:၀၀)နာရီမှ(၁၀:၀၀)နေ့စာသင်ချိန်၊ (၁၀:၃၀) နာရီမှ(၁၁:၀၀)နာရီထိနေ့ဆွမ်း၊နေ့လည်(၁၃:၀၀)နာရီမှညနေ(၁၆:၀၀)နာရီအထိ ညနေ စာသင်ချိန်၊  ညနေ(၁၇:၄၅)နာရီမှ(၁၈:၂၀)နာရီထိ ဘုရားဝတ်တက်ချိန်နှင့် ညပိုင်း ကိုယ်ပိုင်စာကြည့်ချိန်တို့ ဖြစ်ပါသည်။

 

ဘွဲ့အလိုက်  ပညာသင်ကာလအပိုင်းအခြား

(က) သာသနတက္ကသီလဓမ္မာစရိယ(B.A.Buddhism)စာသင်နှစ်(၄)နှစ်+ တောင်တန်း(၂)နှစ် =  (၆) နှစ်
(ခ) သာသနတက္ကသီလမဟာဓမ္မာစရိယ (M.A. Buddhism)  စာသင်နှစ်(၂)နှစ် +   ကျမ်းပြု (၃)နှစ် + တောင်တန်း(၂)နှစ်  = (၇) နှစ်
(ဂ) သာသနတက္ကသီလဓမ္မပါရဂူ (Ph.D.)=  စာသင်နှစ်(၂)နှစ်+ ကျမ်းပြု(၄)နှစ် = (၆)နှစ်

ပညာသင်ကြားရေးဌာနများနှင့် သင်ကြားမှုဘာသာရပ်

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သင်ကြားရေးဌာနကြီး(၇)ခုနှင့် အခြားဌာနကြီး (၃)ခု၊ စုစုပေါင်း(၁၀)ခု ရှိပါသည်-

(က) ဝိနယပိဋကမဟာဌာန
(ခ) သုတ္တန္တပိဋကမဟာဌာန
(ဂ) အဘိဓမ္မပိဋကမဟာဌာန
(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဌာန
(င) ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန
(စ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန
(ဆ) ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဌာန
(ဇ) သုတေသန၊ဘာသာပြန်နှင့် ပုံနှိပ်ထုတ်ဝေရေးဌာန
(ဈ) မော်ကွန်းထိန်းဌာန
(ည) ပိဋကတ်တိုက်ဌာန

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၌ သတ်မှတ်ပြဌာန်း သင်ကြားနေသော ဘာသာရပ် ကြီး (၇) မျိုးမှာ-

(က) ဝိနယဘာသာ
(ခ) သုတ္တန္တဘာသာ
(ဂ) အဘိဓမ္မာဘာသာ
(ဃ) ပိဋကတ်ဆိုင်ရာပါဠိစာပေဘာသာ
(င) ပိဋကတ်ဆိုင်ရာမြန်မာစာပေဘာသာ
(စ) ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဘာသာ
(ဆ) ဗုဒ္ဓဒေသနာပြန့်ပွားရေးပညာဘာသာ

တက္ကသိုလ်စတင်ဖွင့်လှစ်သည့်နေ့မှစ၍ မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို နှစ်စဉ် နတ်တော်လပြည့်နေ့ ရန်ကုန်နှင့်မန္တလေးမြို့တို့၌ တစ်လှည့်စီ အလှည့်ကျ ကျင်းပခဲ့ပြီး (၂၀၁၅)ခုနှစ်၊ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး)မှ ၁၃၅၆ မှ ၁၃၇၇(၂၀၁၅)အထိ ဓမ္မပါရဂူ(Ph.D.)ဘွဲ့ရ (၅)ပါး၊ သာသနတက္ကသီလမဟာဓမ္မာစရိယဘွဲ့ (M.A) (၁၆၉)ပါး၊ သာသနတက္ကသီလဓမ္မာစရိယဘွဲ့(B.A) (၈၇၁)ပါး ရရှိပြီး ဖြစ်ပါသည်။

     
  ရုံးလိပ်စာ ၆၂လမ်း၊ ၁၂လမ်း X ၁၄ လမ်းကြား၊ ရွှေကျောင်းကြီးအရှေ့ဘက်
  ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂ ၆၁၁၁၂
     

 

Eservices   Topics
 
News