xgcover

မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်

 

Category: စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ သမိုင်းကြောင်း

၁၉၄၇-ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ဆိုရန်တိုဗီလာ (ယခုစာပေဗိမာန်)၌ ဗိုလ်ချုပ် အောင်ဆန်း ကြီးမှူးကျင်းပခဲ့သော မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး ကွန်ဖရင့်ကြီးတွင် လယ်ယာလုပ်ကိုင်သူများ၏ ငွေကြေးပြဿနာကို စိုက်ပျိုးရေးဘဏ် တည်ထောင်ဖြေရှင်းရန် ၁၉၄၈-ခုနှစ်တွင် စီမံကိန်းရေးဆွဲရေး အကြံပေးပုဂ္ဂိုလ် ဂျေအက်စ်မာနီမယ်လ် ကြီးမှူးသော စိုက်ပျိုးရေးဘဏ် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး အစီရင်ခံတင်သွင်းခဲ့ပါသည်။ ၁၉၅၂-ခုနှစ်တွင် စိုက်ပျိုးရေးပဏာမကော်မတီကို ဖွဲ့စည်း၍ စိုက်ပျိုးရေးဘဏ် စီမံကိန်းရေးဆွဲခဲ့ပါသည်။ ၁၉၅၃-ခုနှစ် နိုင်ငံတော်စိုက်ပျိုးရေးဘဏ် အက်ဥပဒေကို ပြဌာန်း၍ နိုင်ငံတော်စိုက်ပျိုးရေးဘဏ်ကို ၁၉၅၃-ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။

၁၉၆၇-ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေးချေးငွေဌာန အဖြစ်လည်းကောင်း၊ ၁၉၇၅-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် ဥပဒေအရ (၁-၄-၁၉၇၆)မှ စတင်၍ မြန်မာနိုင်ငံ စိုက်ပျိုးရေးဘဏ်ဟု လည်းကောင်း၊ ၁၉၉၀-ပြည့်နှစ်တွင် မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ဟူ၍လည်းကောင်း၊ အဆင့်ဆင့်ပြောင်းလဲ ဆောင်ရွက်ခဲ့ပြီး၊ ၁၉၉၆-ခုနှစ်၊ သြဂုတ်လ(၁၄)ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်သို့ လွှဲပြောင်းခဲ့ပါသည်။ ၁၉၉၇-ခုနှစ် ဇန်နဝါရီလ(၃၀)ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်ဟု ပြင်ဆင်သည့် ဥပဒေအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ပါသည်။ နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ဘဝမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဘဝအထိ အဆင့်ဆင့် အမွေလွှဲပြောင်း ခဲ့ရာ သက်တမ်းအားဖြင့် (၆၃)နှစ်ရှိပြီ ဖြစ်ပါသည်။

 

 ရည်ရွယ်ချက် (၆)ရပ်

(၁) စိုက်ပျိုးရေးလုပ်ငန်း ၊ မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ လူမှုစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောချေးငွေကို လွယ်ကူရှင်းလင်းသော နည်းလမ်းဖြင့် ထုတ်ပေးရန် ။
(၂) ကျေးလက်ဘဏ်လုပ်ငန်းကို မြှင့်တင်ရန် ။
(၃) ကျေးလက်နေပြည်သူများအတွင်း ကိုယ်ထူကိုယ်ထ စိတ်ဓါတ် ဖြစ်ပေါ်လာစေခြင်းငှာ ချွေတာစုဆောင်းသော အလေ့အကျင့်ကို အားပေးရန်။
(၄) ကျေးလက်ဒေသ လူမှုစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းငှာ အထောက်ကူ ပြုရန်။
(၅) ဘဏ်ကို အားထားအသုံးပြုသည့် အလေ့အထကို ပြုစုပျိုးထောင်ရန်။
(၆) ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်။

 

ရည်မှန်းချက် ဆောင်ပုဒ်

(၁) ချေးငွေလုံလောက်စွာ ရရှိစေရမည်။
(၂) ချေးငွေအချိန်မှီရရှိစေရမည်။
(၃) ချေးငွေအပြည့်အဝ ပြန်လည်ကောက်ခံရရှိရမည်။
(၄) ငွေစုဆောင်းခြင်းဖြင့် လယ်သမားများအတွက် အရင်းအနှီး ရရှိစေနိုင်မည်။
(၅) ကြွေးမြီကင်းရှင်းသော လယ်သမားဘဝ ထူထောင်နိုင်ရမည်။
(၆) ဘဏ်သည် ကိုယ်ခြေပေါ်ကိုယ် ရပ်တည်နိုင်ရမည်။

 

အဓိက ဘဏ်လုပ်ငန်းတာဝန်များ

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးဘဏ်ခွဲအနေဖြင့် လက်အောက်ခံ မြို့နယ်ဘဏ်ခွဲ(၂၃)ခုဖြင့် တောင်သူလယ်သမားများသို့ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည် နှင့် ဖွံ့ဖြိုးရေး ချေးငွေများ ထုတ်ချေးပေးခြင်း ပြန်လည်ကောက်ခံခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ နှစ်စဉ်ချေးငွေအနေဖြင့် မိုး၊ ဆောင်း၊ မိုးကြို ဘဏ်ချေးငွေများအတွက် စပါးတစ်ဧကလျှင် ကျပ် ၁၅၀၀၀၀/- နှုန်း၊ ကြံ တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀/-နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၅၀၀၀၀/-နှုန်း ထုတ်ချေးပေးလျှက်ရှိပါသည်။

ချေးငွေထုတ်ချေးချိန်ကာလ နှင့် ပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်များ

စဉ် ချေးငွေအမျိုးအစား ထုတ်ချေးရန်ကာလ ပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်
(၁) မိုးရာသီ မေလမှ စက်တင်ဘာလကုန်အထိ နောက်နှစ် ဧပြီလ (၁၅)ရက်
(၂) ဆောင်းရာသီ အောက်တိုဘာလမှ ဇန်နဝါရီလကုန်အထိ နောက်နှစ် ဇွန်လကုန်
(၃) မိုးကြိုရာသီ ဇန်နဝါရီလမှ မတ်လကုန်အထိ နောက်နှစ် ဖေဖော်ဝါရီလကုန်

  ဖွံ့ဖြိုးရေးချေးငွေ

ဖွံဖြိုးရေးချေးငွေ အနေဖြင့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဖြစ်သော ထွန်စက်ကြီး၊ လက်တွန်းထွန်စက်၊ ရိပ်သိမ်းချွေလှေ့စက်၊ ရေစုပ်စက်အင်ဂျင် နှင့် အခြားလယ်ယာသုံး စက်ကိရိယာ များအား အရစ်ကျစနစ်ဖြင့် ထုတ်ချေးခြင်း ပြန်လည်ကောက်ခံခြင်း။

  

နှစ်တို/နှစ်ရှည်ချေးငွေ

ကော်ဖီ၊ လက်ဖက်ထုတ်လုပ်မှုစရိတ် ဆီအုန်း ချေးငွေများ ထုတ်ချေးခြင်း ပြန်လည်ကောက်ခံခြင်း။

ဘဏ်ချေးငွေမူစနစ်

(၁) တောင်သူလယ်သမားများ၏ ဆန္ဒ (Demand) အရသာ ချေးယူစေရမည် ။
(၂) လုပ်ကွက်ငယ် လုပ်ကိုင်သော တောင်သူလယ်သမားများအား ဦးစားပေးသည့် အနေဖြင့် သီးနှံ(၁၀)ဧကအထိ လုပ်ကိုင်သူများကို ချေးငွေ ထုတ်ချေးပေးရမည်။ ငွေထုတ်ချေး ရာတွင် ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသူများကိုသာ ချေးငွေစစစ်ရေးအဖွဲ့၏ စိစစ်ထောက်ခံ ချက်နှင့် ငွေချေးယူသည့် အဖွဲ့ဝင်များအချင်းချင်း စုပေါင်းအာမခံချက်ဖြင့် ထုတ်ချေး ရမည်။
(၃) မြို့နယ်ဘဏ်ခွဲများသို့ ကိုယ်တိုင်လာရောက်ချေးယူ ပေးဆပ်ရမည်။

  

ကျေးလက်ချွေတာစုဆောင်းအပ်ငွေလုပ်ငန်း

တောင်သူလယ်သမားများ၏ စုဆောင်းငွေများ လက်ခံခြင်း၊ ပြန်လည် ထုတ်ပေးခြင်းများ ဆောင်ရွက်ပါသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် ချေးငွေထုတ်ချေးခြင်း၊ ကောက်ခံခြင်း လုပ်ငန်းများကို အထက်အဆင့် အစိုးရအဖွဲ့နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) တို့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုကို ခံယူ၍ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျှက် ရှိပါသည်။

ပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် လုပ်ငန်းများ

(၁) မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း
(၂) ဆောင်းရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်း
(၃) မိုးကြိုရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများ ထုတ်ချေးခြင်းတို့ ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ စပါးတစ်ဧကလျှင် ၁၅၀၀၀၀/-နှုန်း၊ ကြံတစ်ဧကလျှင် ကျပ်၁၀၀၀၀၀/-နှုန်း၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ ဂုန်လျှော်၊ အစေ့ထုတ်ပြောင်း တစ်ဧကလျှင် ကျပ် ၅၀၀၀၀/- ထုတ်ချေးပေးလျက်ရှိပါသည်။
   
ရုံးလိပ်စာ

၆၃-လမ်း၊ ၃၄-လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

ဆက်သွယ်ရန်ဖုန်းနံပါတ် ၀၂-၃၃၄၉၃၊ ၀၂-၆၉၇၄၀
ဖက်စ်ဖုန်း
 အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
 Facebook Page
 Website  

 

 

  

Eservices   Topics
 
News