တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန

 

Category: ပညာရေးဝန်ကြီးဌာန

 

သမိုင်းကြောင်းနောက်ခံအကျဉ်းချုပ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၆/၂၀၁၆)၏ သဘောတူ ခွင့်ပြုချက်ဖြင့် (၂၀.၇.၂၀၁၆)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင်-

(၁) တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့်

(၂) တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန

တို့ဖြင့်ဖွဲ့စည်းထားပါသည်။

 

မျှော်မှန်းချက်

တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန်။

 

မူဝါဒ

၁။ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ အပြည့်အဝရရှိရေး။
၂။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေးနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲနေထိုင်ရေး။
၃။ တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး။
၄။ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားလူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး။

 

ရည်မှန်းချက်

၁။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး စသည့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးတက်ရှင်သန်စေရေး ဆောင်ရွက်ရန်။
၂။ တိုင်းရင်းသားတို့၏ အခွင့်အရေးကို ဥပဒေပါသတ်မှတ်ချက်များအတိုင်း အပြည့်အဝခံစား ရရှိစေရေး ဆောင်ရွက်ရန်။
၃။ တိုင်းရင်းသားများ၏စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန်။
၄။ တိုင်းရင်းသားများ၏ မူလဝိသေသ လက္ခဏာများ မပျောက်ပျက်စေရေးအတွက် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးဆောင်ရွက်ရန်။
၅။ တိုင်းရင်းသားလူမျိုးများ၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့် လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရေး ဆောင်ရွက်ရန်။

 

စတင်ဖွင့်လှစ်သည့်နေ့ ဌာနအဖွဲ့အစည်းတည်နေရာ

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး(ယာယီ) ကို(၂၉.၈.၂၀၁၇) ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး မ-၉/၁၆၊ ၆၃လမ်း၊ သိပ္ပံလမ်းနှင့် ချယ်ရီလမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်တွင် တည်ရှိပြီး ယာယီရုံး အဆောက်အဦမှာ (၂)ထပ် ဖြစ်ပါသည်။ အပေါ်ထပ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် အောက်ထပ်တွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့မှ ရုံးဖွင့်လှစ်ထားပါသည်။

 

- တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ဘာသာစကားပြန့်ပွားထွန်းကားရေး မိမိတို့ကိုယ်ပိုင် ဘာသာစကားကို လွတ်လပ်စွာ သင်ကြားခွင့်ရရှိရေး၊ မိမိတို့ဘာသာစကားဖြင့် စာနယ်ဇင်းများ ပုံနှိပ်ထုတ်ဝေနိုင်ရေး၊ ကွယ်ပျောက်လုနီးပါးဖြစ်နေသော တိုင်းရင်းသားဘာသာ စကားများကို ပြန်လည် ထိန်းသိမ်းရေး လုပ်ငန်းများကို စာပေနှင့် ဘာသာစကားဌာနခွဲက ကြိုးပမ်းဆောင်ရွက် သွားmyanmarမည် ဖြစ်ပါသည်။ 
- ရိုးရာဓလေ့နှင့် အမွေအနှစ်ဌာနခွဲသည်လည်း သက်ဆိုင်ရာရိုးရာဓလေ့များ၊ နေ့ထူးနေ့မြတ်များ တိမ်မြှုပ်ပျောက်ကွယ်နေသော ရိုးရာဓလေ့များကို လွတ်လပ်စွာဖော်ထုတ်ခွင့် ရရှိစေရန်ကူညီဆောင်ရွက် ပေးလျှက်ရှိသည်။
- အလားတူ တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲမှလည်း တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားကဏ္ဍအထိုထို၌ ဘက်စုံမြင့်မားတိုးတက်လာစေရန် ဝိုင်းဝန်းကူညီကြိုးပမ်းမည်ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းသားများအခြေချနေထိုင်ရာ ဒေသများ၌ လမ်းတံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေပါမကျန် အဆင်ပြေစေရန် အစိုးရဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ အထောက်အပံ့ အကူအညီ များရယူရန် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

 

လုပ်ငန်းဆောင်ရွက်ချက်များ

- မန္တလေးတိုင်းဒေသကြီးတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနသည် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမှုအစုအဖွဲ့ (၁၈)ဖွဲ့နှင့် အခြား စာပေ/ယဉ်ကျေးမှု ကော်မတီ(၂)ဖွဲ့ စုစုပေါင်း အဖွဲ့ (၂၀)ဖြင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိရာ ၎င်းတို့မှာ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စာပေယဉ်ကျေးမှုအသင်း၊ ရှမ်းတိုင်းရင်းသားများ သာရေးနာရေးအသင်း(မန္တလေး)၊ ကိုးကန့်၊ တအာင်း၊ နာဂ၊ ရှမ်းနီ၊ အင်းသား၊ ကယန်း၊ တောင်ရိုး၊ ပအိုဝ့်၊ လီဆူ(LISU) စာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်း (မိုးကုတ်မြို့နယ်)၊ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ(မန္တလေး)၊ မယ်တိုင်(ကသဲ) နှင့် ယော စသည့်အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
- မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော လူမျိုးစုများမှ သက်ဆိုင်ရာ တိုင်းရင်းသားဝတ်စုံများနှင့် အသုံးအဆောင်ပစ္စည်းများအား လာရောက်လှူဒါန်းကြရာ ညွှန်ကြားရေးမှူးရုံး (မန္တလေး) အနေဖြင့်ယခုအခါ (ယာယီရုံး) အဆောက်အဦမှ အမြဲတမ်းရုံး ဖွင့်လှစ်နိုင်လျှင် မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့နှင့်အသုံး အဆောင်များအား ပြခန်းအနေဖြင့် ထားရှိရန်ရည်ရွယ်ပါသည်။
- ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း ကျင်းပသော ပြည်ထောင်စုနေ့၊ လူငယ်ပွဲတော်စသည့် ပွဲများ၌ နေပြည်တော်(ရုံးချုပ်)၏ ပံ့ပိုးကူညီမှုဖြင့် အများပြည်သူများ လေ့လာနိုင်ရန် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနပြခန်းအား လှူဒါန်းထားသည့် ရိုးရာဝတ်စုံနှင့် အသုံးအဆောင်များဖြင့် ပြသနိုင်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ အခမ်းအနားများ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ ရိုးရာဓလေ့ အခမ်းအနားများ၊ ဆောင်ရွက်ရာတွင် မှတ်တမ်းဓါတ်ပုံ ဗွီဒီယိုများ ရယူ၍ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါသည်။
- မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၁၈ခုနှစ် (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (သတ္တမအကြိမ်) တိုင်းရင်းသားလူမျိုးစုများ စျေးရောင်းပွဲတော်ကို မန္တလာသီရိ အဆင့်မြင့်အားကစားကွင်းကြီး၌ (၁၀.၂.၂၀၁၈) ရက်နေ့မှ (၁၂.၂.၂၀၁၈) ရက်နေ့အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြခန်းဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အဌမအကြိမ်) တိုင်းရင်းသားလူမျိုးစုများစျေးရောင်းပွဲတော်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်းအား (၁၀.၂.၂၀၁၉) ရက်နေ့မှ (၁၂.၂.၂၀၁၉) ရက်နေ့ထိ တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများနှင့်  ဝတ်စားဆင်ယင်ထုံးဖွဲ့မှုအား (Model) ရုပ်များဖြင့်ခင်းကျင်း ပြသခဲ့ပါသည်။
- တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန (ရုံးချုပ်)၏ ပံ့ပိုးကူညီမှုဖြင့်  (၁၁.၈.၂၀၁၈) ရက်မှ (၁၃.၈.၂၀၁၈) ရက်နေ့ထိ မန္တလေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပသော “လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)”တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ မန္တလေးမြို့တွင် အခြေစိုက်နေထိုင်သော တိုင်းရင်းသားမျိုးနွယ်စု(၁၆)မျိုး တို့၏ ရိုးရာဝတ်စားဆင်ယင်ထုံးဖွဲ့မှုများအား ပြသခြင်း၊တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေစာအုပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ထုတ်ဝေသော တိုင်းရင်းသားများ၏ရိုးရာ စကားထာ၊ စကားပုံ၊ ဆိုရိုးစကား၊ ပုံပြင်စာအုပ်အတွဲ (၁၊ ၂၊ ၃)၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားနေ့နှင့် နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းနှင့် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်းအကျဉ်းကို (အင်္ဂလိပ်၊မြန်မာ) နှစ်ဘာသာဖြင့် ပြုစုထားသည့် လက်ကမ်းစာစောင်များကို ခင်းကျင်းပြသခြင်း၊ ကျောင်းစာကြည့်တိုက်များတွင် ကျောင်းသားများ လေ့လာဖတ်ရှုနိုင်ရန် လာရောက်ကြည့်ရှုသော ကျောင်းများအား စာအုပ်အစုံပါစာအိတ် (၃၀၀)ခန့်အား ဖြန့်ဝေပေးခြင်း၊ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့်  ရိုးရာဓလေ့၊ သဘာဝရှုခင်း ဓါတ်ပုံမှတ်တမ်းများကို ခင်းကျင်းပြသခြင်း စသည်ဖြင့် “တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် စာပေပြခန်း” အား အောင်မြင်စွာ ပြသနိုင်ခဲ့ပါသည်။
- တိုင်းရင်းသားကလေးငယ်များ ဘာသာစကား အခက်အခဲကြောင့် အခြေခံပညာ မူလတန်းအဆင့်တွင် ကျောင်းထွက်နှုန်းများပြားလာပါသဖြင့် ကျောင်းထွက်နှုန်း လျှော့ကျစေရန် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းကာ တိုင်းရင်းသားစာပေ သင်ကြားသည့်  Teaching Assistant  နှင့် Language Teacher များကိုခန့်ထားပေးလျက်ရှိ ပါသည်။

 

ပံ့ပိုးကူညီပေးခြင်း

- တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးသည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားဝင်အသင်းအဖြစ် မှတ်ပုံတင်ထားသည့် စာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့များ၊ တိုင်းရင်းသား အသင်းအဖွဲ့များအား လိုအပ်သည့် အကူအညီများကို တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးသည့် အသင်းများကို တရားဝင် အသင်းအဖွဲ့များအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း။
- နွေရာသီ ကျောင်းပိတ်ကာလတွင် တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းအဖွဲ့များမှ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုသင်တန်းဖွင့်ရန် နေရာအခက်အခဲရှိပါက အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင် ရွက်ပေးခြင်း။
- မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများ၏  အမည်နာမပေးခြင်းနှင့် ပတ်သက်၍ သုတေသနစာတမ်းပြုစုခြင်း။
- တိုင်းရင်းသားလူမျိုးများ၏ အာဟာရပြည့်ဝသော ရိုးရာအစားအစာများကို ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်တွင် ထည့်သွင်းဖော်ပြခြင်း စသည့်တို့အား ပံ့ပိုးကူညီဆောင်ရွက် ပေးလျှက်ရှိပါသည်။

 

 

  ရုံးလိပ်စာ - မ-၉/၁၆၊(၆၃)လမ်း၊ သိပ္ပံလမ်းနှင့် ချယ်ရီလမ်းကြား၊ မြို့သစ်(၁)ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်။
  ဆက်သွယ်ရန်ဖုန်းနံပါတ် - ၀၆၇-၂၈၄၈၁၅၂
  အီးမေးလ်လိပ်စာ - This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ - မရှိပါ။
  Social Link -

 

Eservices   Topics
No tagged items found
 
News  
No tagged items found