မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး

အရေးပေါ်ကုသမှုဌာန၏ နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုများ

Agency : မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး


မန္တလေးမြို့အထွေထွေရောဂါကုဆေးရုံကြီးသည် အထက်မြန်မာနိုင်ငံပြည်သူများ၏အားထားရာ ဆေးရုံကြီးတစ်ခု ဖြစ်ပါသည်။ ခုတင် ၁၀၀၀ ဆံ့မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်မှစ၍ ခုတင် ၁၅၀၀ ဆံ့ အထိတိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ မန္တလေး ဆေးရုံကြီး၏ အရေးပေါ်ကုသမှုဌာနကိုလည်း ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆောက်အဦးတိုးချဲ့ခြင်းများနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို Triage system ဖြင့် စနစ်တကျ တိုးချဲ့ဆောင်ရွက်လျက်ရှိပါသည်။
လုပ်ငန်းဆောင်ရွက်ချက်များအနေဖြင့် နေ့စဉ်ပျမ်းမျှ ဆေးရုံတက်လူနာ ၁၅၀ မှ ၂၅၀ ခန့်၊ ပြင်ပလူနာ ၉၀၀ မှ ၁၀၀၀ ခန့်၊ ဖျားနာပြင်ပလူနာ၊ ခွဲစိတ်ပြင်ပလူနာ၊ ထိခိုက်ဒဏ်ရာရလူနာများနှင့် အရေးပေါ်လူနာများကို နေ့စဉ်ကုသစောင့်ရှောက်မှုများကို ပေးလျက်ရှိပါသည်။
အရေးပေါ်ကုသမှုဌာန (Emergency Department) သည် အရေးပေါ်လူနာများကို (၂၄) နာရီ လက်ခံ၍ လူနာများ၏ ရောဂါအမျိုးအစားများ၊ ရောဂါပြင်းထန်မှုပေါ်မူတည်၍ ဦးစားပေးကုသခြင်းကို ပြုလုပ်ပေးပါသည်။ အသက်အန္တရာယ် စိုးရိမ်ရသောလူနာများကို အထူးဦးစားပေး၍ အချိန်နှင့် တပြေး ညီ မြန်မြန်ဆန်ဆန် အသက်ကယ်ပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ နေ့စဉ်ကုသမှု ပေးရသော လူနာများတွင် အများစုမှာယာဉ် မတော်တဆထိခိုက်ခြင်းနှင့် ခိုက်မိ၊ တိုက်မိသော ထိခိုက် ဒဏ်ရာလူနာများမှာ အများစုဖြစ်ပါသည်။
ဦးခေါင်းဓာတ်မှန် (Plain X-rays)နှင့် CTဓာတ်မှန်များ၊ တီဗီဓာတ်မှန်ရိုက်ခြင်း၊ ECG ဆွဲခြင်းနှင့် ဓာတ်ခွဲစမ်းသပ်မှုများအား အခမဲ့ရိုက်ကူးပေး၍ အသက်ကယ်ရန် လိုအပ်သောလူနာ၊ စောင့်ကြပ်ကြည့်ရှုရန် လိုအပ်သောလူနာနှင့် သာမာန်လူနာစသဖြင့် ခွဲခြား၍ Medical Observation Room နှင့် Surgical Observation Room များဖြင့် အရေးပေါ်လူနာများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ပေးလျက်ရှိပါသည်။