c2acover

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန

 

Category: လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

သမိုင်းကြောင်း

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်မှအိန္ဒိယပြည်သို့ထွက်ပြေးခဲ့သော စစ်ပြေးဒုက္ခသည်များအနက် ငွေကြေးမဖူလုံသောစစ်ပြေးဒုက္ခသည်များအား မြန်မာပြည်သို့ပြန်လာရေးနှင့် စားသောက်နေထိုင်ရေး အတွက် ငွေထုတ်ချေးခြင်း၊ ငွေများပြန်လည်ကောက်ခံခြင်း၊ ပြန်လည်နေရာချထားပေးခြင်းနှင့် မြန်မာ ပြည်အတွင်းရှိဒုက္ခသည်များအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကိစ္စများဆောင်ရွက် နိုင်ရန်အတွက် ပြည်သူလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် လူမှုဝန်ထမ်း နှင့်ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးဝန်ရုံးကို ၁၉၄၅ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုရုံးသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ အစတည်နေရာဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တွင် ပညာရေး၊ လူမှုရေးရာနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနမှ အထက်ပါ ရုံးကို ကြီးကြပ်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ပြည်တွင်းသောင်းကြမ်းမှုများကြောင့် အတိဒုက္ခရောက် ကြရသူများကို ကူညီရန်ပညာရေး၊လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသည် ဖဆပလဗဟို ကယ်ဆယ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပါသည်။
၁၉၄၈ခုနှစ်၊ စက်တင်ဘာလတွင် ပညာရေး၊ လူမှုရေးရာနှင့်ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနကို ပြန်လည် ထူထောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးနှင့်ဒေသန္တရ အုပ်ချုပ်ရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၃)ခုအဖြစ်ဖွဲ့စည်းခဲ့ပါသည်။ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသည် လူမှုဝန်ထမ်းနှင့်ပြန်လည်ထူထောင်ရေးညွှန်ကြားရေးဝန်ရုံးနှင့် ဖဆပလဗဟိုကယ်ဆယ်ရေး ကော်မတီ တို့ကို ကြီးကြပ်ခဲ့ပါသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဖဆပလဗဟိုကယ်ဆယ်ရေးကော်မတီက ဆောင်ရွက်နေသည့််အတွက် လူမှုဝန်ထမ်းနှင့်ပြန်လည်ထူထောင်ရေးညွှန်ကြားရေးဝန်ရုံးသည် စစ်ပြေး ကြွေးကျန်များ ကောက်ခံသည့်လုပ်ငန်းသာရှိသဖြင့် အဆိုပါရုံးကို ၁၉၄၉ခုနှစ်၊ဧပြီလတွင်ဖျက်သိမ်းခဲ့ ပါသည်။ ၎င်းရုံး၏ လုပ်ငန်းများကို ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီးရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်ခရိုင် ရာဇဝတ်တရားသူကြီးရုံးမှ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်၊ ဧပြီလတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကျယ်ပြန့်လာသည့်် အတွက် ကယ်ဆယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းသောအခါ ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးနှင့် စစ်ပြေးကြွေးကျန်များ ကောက်ခံသည့်လုပ်ငန်းကို ကယ်ဆယ်ရေးဝန်ကြီးဌာနသစ်သို့ လဲွှပြောင်းပေးခဲ့ပါသည်။ ကယ်ဆယ်ရေးဝန်ကြီးဌာနသည် သီးခြား အမည် သတ်မှတ်ထားသော်လည်း ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေးတို့ကို ပြန်လည် ထူထောင်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရပါသည်။ ၁၉၅၁ ခုနှစ်မှာ ပညာရေး၊ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဝန်ကြီးဌာန(၂)ခုမှ ပြတ်ပြတ်သားသား
ခွဲခြားဆောင်ရွက်နိုင်ရန် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာန ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ပညာရေး ဝန်ကြီ:ဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ထပ်မံပြင်ဆင် ဖွဲ့စည်းခဲ့ ပါသည်။ ထိုနေ့တွင်ပင် လူနည်းစုရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး လူနည်းစုရေးရာ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ခုနှစ်နောက်ပိုင်းတွင် လူနည်းစုရေးရာကိစ္စများကို ဖျက်သိမ်းခဲ့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီး ဌာနအဖြစ် ပြန်လည်ရပ်တည်ခဲ့ပါသည်။ ၁၉၅၃ခုနှစ်မှာ လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၅ခုနှစ်တွင် လူမှုဝန်ထမ်းဌာနကို သာသနာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လူမှုဝန်ထမ်းနှင့် သာသနာ ရေးဝန်ကြီးဌာန အဖြစ် ဖွင့်လှစ်ခဲ့ပြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနကို အမျိုးသား စည်းလုံးညီညွတ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် သာသနာရေးဝန်ကြီးဌာနနှင့် လူမဝန်ထမ်းဝန်ကြီးဌာန ဟူ၍ သီးခြားစီဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် လူမှုဝန်ထမ်းဝန်ကြီးဌာနနှင့် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးဝန်ကြီးဌာနကို ပေါင်းစပ်၍ လူမှုဝန်ထမ်း ဝန်ကြီးဌာနအဖြစ် လူမှုဝန်ထမ်း ဦးစီး ဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာနတို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပြန်ပါသည်။ ၁၉၉၂ ခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကို လူမှုဝန်ထမ်း ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် မီးသတ်ဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက် ရောက်ရှိသွားသဖြင့် ယခုလက်ရှိအချိန်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ဖြင့် ယနေ့ထက်တိုင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှူးရုံးကို ၁၉၉၉ ခုနှစ်မှစ၍ ရုံးဖွင့်လှစ် ဆောင်ရွက်ခဲ့ပါသည်။

 ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ရည်ရွယ်ချက်

(၁) သဘာဝဘေးအန္တရာယ်များကြောင့် အတိဒုက္ခကြုံတွေ့နေရသော ဒုက္ခသည်များအား စားဝတ် နေရေး လတ်တလောသက်သာချောင်ချိမှုရရှိစေရေးအတွက် အထောက်အပံ့ပေးရန်၊
(၂) သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်အိုးအိမ် ပစ္စည်းများဆုံးရှုံးမှု လျော့နည်းအောင် ကြိုတင်စီမံဆောင်ရွက်ပေးရန်

 ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

(၁) သဘာဝဘေးအန္တရာယ်များနှင့် လူကြောင့်ဖြစ်ပေါ်တတ်သော ဘေးအန္တရာယ်များကြောင့် ဘေး ဒုက္ခခံစားကြရသည့် ပြည်သူများအား လတ်တလောစားဝတ်နေရေး ပြေလည်စေရေးအတွက် ကူညီထောက်ပံ့ခြင်း၊
(၂) မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ်တစ် ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ပြည်တွင်း/ပြည်ပနယ်မြေရပ်ခြားများသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း၊
(၃) လူတို့ကြောင့်ဖြစ်ပေါ်တက်သော ဘေးအန္တရာယ်များကြောင့် ထွက်ပြေးတိမ်းရှောင်ပြောင်းရွှေ့ကြ သူများ၊လုံခြုံစိတ်ချရမှုမရှိသော နယ်မြေအတွင်းမှပြန့်ကျဲနေသော အိမ်ခြေများအားအခြားလုံခြုံ သောဒေသသို့ စုစည်းပြောင်းရွှေ့ရသော ပြည်သူများအား ထောက်ပံ့မှုပေးခြင်း၊
(၄) ရာသီဥတုဖောက်ပြန်မှုကြောင့်သော်လည်းကောင်း၊ပိုးမွှားတိရိစ္ဆာန်များဖျတ်ဆီးခြင်းကြောင့်သော်လည်းကောင်း၊စိုက်ပျိုးထားသော သီးနှံများပျက်စီးသဖြင့် ငတ်မွတ်ခေါင်းပါးဘေး ကျရောက် သူများအား ထောက်ပံ့မှုပေးခြင်း၊
(၅) သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသမှ ဘေးသင့်ပြည်သူများကောင်းမွန်သောလူနေမှုဘဝ ရရှိစေရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစိုးရ ဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမျအား ၊ပြည်တွင်းမှအစိုးရမဟုတ်သော အဖွဲ့အစည်း များ လူမှုရေးအဖွဲ့အစည်းများ ၊ အလှူရှင်များနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခြင်း။
(၆) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ၊သင်တန်းများနှင့် သဘာဝ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

 အသိပညာပေးလုပ်ငန်းများ

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဖြစ်သော သဘာဝဘေး လျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(နည်းပြ)သင်တန်းများ၊ဆင့်ပွားသင်တန်းများ၊မွမ်းမံသင်တန်း များနှင့် သဘာဝဘေးဆိုင်ရာဆွေးနွေးပွဲများ ပြုလုပ်ပေးလျှက်ရှိပါသည်။ သဘာဝဘေး(၈)မျိုးနှင့် ဆိုင်သော နံရံကပ်ပိုစတာများ၊လက်ကမ်းစာစောင်များအား ပြည်သူများသို့ဝေငှပေးခြင်းနှင့် သဘာဝ ဘေး ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများအား ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထို့ပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာ ပြည်)မှ ဖွင့်လှစ်သောသင်တန်းများတွင်လည်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာ ဗဟုသုတများကို သွားရောက်သင်ကြားပို့ချပေးလျက်ရှိပါသည်။

 မီးဘေးသင့်အိမ်ထောင်စုများနှင့် ရေဘေး၊ လေဘေးနှင့်အခြားဘေးများကြောင့် လုံးဝမျောပါပျက်စီးသွားသော အိမ်ထောင်စုများအတွက် ထောက်ပံ့ရန်ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုး

(၁) ကျားလုံချည်
(၂) မလုံချည်
(၃) စောင်
(၄) တဘက်
(၅) ဒန်အိုး
(၆) ဇလုံ
(၇) တီရှပ်(၂)ထည်
(၈) ဆပ်ပြာ
(၉) နှစ်ယောက်အိပ်ခြင်ထောင်
(၁၀) စတီးဓါး
(၁၁) စတီးဇွန်း(၂)ချောင်း
(၁၂) စတီးသောက်ရေခွက်
(၁၃) ပလပ်စတစ်ရေချိုးခွက်
(၁၄) စတီးပန်းကန်ပြား(၂)ချပ်
(၁၅) နှစ်ယောက်အိပ်ပလပ်စတစ်ဖျာ
(၁၆) သွားတိုက်ဆေး
(၁၇) သွားတိုက်တံ(၂)ချောင်း
(၁၈) လက်နှိပ်ဓာတ်မီး(ဓာတ်ခဲ)
(၁၉) လေးထောင့်ပလပ်စတစ်ပုံးအကြည်(ကြီး)

မှတ်ချက်။ ကျန်ပစ္စည်း(၃)မျိုးဖြစ်သည့် ကလေးကျောင်းဝတ်စုံ၊ အမျိုးသမီးအတွင်းခံ၊ ဘောင်းဘီနှင့် လစဉ်သုံးပစ္စည်းများကို လိုအပ်ချက်အပေါ် မူတည်၍လည်း ကောင်း၊ ခေါက်ဆွဲခြောက်ထုပ်ကို ဘေးသင့်လူဦးရေအပေါ်မူတည်၍လည်းကောင်း ထောက် ပံ့သွားရန်ဖြစ်သည်။

 

 မီးဘေးအတွက်ကြိုတင်ဖျက်သိမ်းအိမ်၊ ရေဘေး၊ လေဘေး၊ အခြားဘေးများကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်နှင့် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရသော အိမ်ထောင်စုများအတွက်ထောက်ပံ့ရန် အရေးပေါ်အိမ်သုံးပစ္စည်း(၁၀)မျိုး

(၁) ကျားလုံချည်
(၂) မလုံချည်
(၃) တဘက်
(၄) ဇလုံ
(၅) တီရှပ်(၂)ထည်
(၆) ဆပ်ပြာ
(၇) စတီးဇွန်း(၂)ချောင်း
(၈) စတီးသောက်ရေခွက်
(၉) ပလပ်စတစ်ရေချိုးခွက်
(၁၀) လေးထောင့်ပလပ်စတစ်ပုံးအကြည်(ကြီး)

 

မှတ်ချက်။ တိုက်ပွဲရှောင်ပြည်သူများနှင့် နေရပ်ပြန်ပြည်သူများသို့ ထောက်ပံ့ရမည့် ပစ္စည်း များအတွက် ဦးစီးဌာန(ရုံးချုပ်)သို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်။

 

 သဘာဝဘေးဖြစ်ပွားသည့်အချိန်တွင်ဝယ်ယူထောက်ပံ့ပေးရန် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး

(၁) သွားတိုက်ဆေး
(၂) သွားတိုက်တံ(၂)ချောင်း
(၃) လက်နှိပ်ဓာတ်မီး(ဓာတ်ခဲ)
(၄) ခေါက်ဆွဲခြောက်
(၅) အမျိုးသမီးအတွင်းခံဘောင်းဘီနှင့် လစဉ်သုံးပစ္စည်း

 

 (၁.၄.၂၀၁၇)ရက်နေ့မှစ၍ ဘေးသင့်ပြည်သူများအတွက် ပြင်ဆင်ထောက်ပံ့သည့်နှုန်းထားများ

 သေဆုံး/ဒဏ်ရာရလူနာထောက်ပံ့ခြင်း

(၁) သေဆုံး(၁)ဦး (၃)သိန်း
(၂) ဒဏ်ရာရ (၁)ဦး (၅၀၀၀၀/-)

 

 အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ခြင်း

 မီးဘေး

(၁) လုံးဝပျက်စီး(တိုက်အိမ်)(၁)လုံး (၂၀၀၀၀၀/-)
(၂) လုံးဝပျက်စီး(သွပ်မိုး/ပျဉ်ကာ)(၁)လုံး (၂၀၀၀၀၀/-)
(၃) လုံးဝပျက်စီး(ဓနိမိုး/ထရံကာ)(၁)လုံး (၁၀၀၀၀၀/-)
(၄) လုံးဝပျက်စီး(ဘာသာရေးကျောင်း)(၁)လုံး (၃၀၀၀၀၀/-)
(၅) တစ်စိတ်တစ်ပိုင်းပျက်စီး(အိမ်/ဘာသာရေးကျောင်း(၁)လုံး (၁၀၀၀၀၀/-)
(၆) မီးဘေးကြိုတင်ဖျတ်သိမ်း(အိမ်/ဘာသာရေးကျောင်း(၁)လုံး (၁၀၀၀၀၀/-)

 

 အခြားဘေး(အိမ်/ဘာသာရေးအဆောက်အဦ)

(၁) လုံးဝပျက်စီး(တိုက်/သွပ်မိုး/ပျဉ်ကာအိမ်)(၁)လုံး (၂၀၀၀၀၀/-)
(၂) လုံးဝပျက်စီး(ဓနိမိုး/ထရံကာ)(၁)လုံး (၁၀၀၀၀၀/-)
(၃) တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁)လုံး၊ ကမ်းပြို၊မြေပြိုဘေးတို့အတွက် တို့အတွက်ကြိုတင်ဖျတ်သိမ်းရွှေ့ပြောင်း အိမ်(၁) လုံး
(၁၀၀၀၀၀/-)

 

 ဆန်ရိက္ခာဖိုး

(၁) (၇)ရက်စာထောက်ပံ့ရန်။ (လူ(၁)ဦးလျှင်(၇)ရက်စာ - ၂၁၀၀/-နှုန်း)

 

 မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Call Centre Hot Line No-1882 ၏ လိုင်းခွဲ(၁) လိုင်းခွဲငယ် (၁)တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့၏ သတင်းအချက် အလက်များကို အချိန်နှင့် တပြေးညီ ပေးပို့ ဆောင်ရွက်လျက်ရှိပါသည်။

     
  ရုံးလိပ်စာ

၃၄x၃၅ ၊ ၆၄x၆၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

  ဆက်သွယ်ရန်ဖုန်းနံပါတ်

၀၂ ၃၉၄၅၇၊ ၀၂ ၆၇၄၇၀၊ ၀၂ ၆၂၄၉၆

  ဖက်(စ်)  ၀၂ ၃၉၄၅၇
  အီးမေးလ်လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.
  website လိပ်စာ http://www.rrdmyanmar.gov.mm/
  Facebook လိပ်စာ  https://www.facebook.com/rrd.mandalay

  

Eservices   Topics
     
News