e-GOVERNMENT စနစ်စတင်ခြင်းအတွက် e-MANDALAY WEB PORTAL ဖွင့်လှစ်

 opencere

၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်

သန့်ရှင်းသောအစိုးရတစ်ရပ်ဖြစ်စေရေးအထောက်အကူပြုစေရန်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း e-Governmentစနစ်ကိုစတင်အကောင်အထည် ဖော်ခြင်းဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှုများချက်ချင်း မပျောက်နိုင်သေးသော်လည်း ပွဲစားများလျော့နည်းသွားလိမ့်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က e-Mandalay Web Portal ဖွင့်လှစ်ခြင်းအတွက် သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်စသည်တို့မှ ပါမောက္ခချုပ်များ၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ကွန်ပျူတာပညာရှင်များ၊ သတင်းမီဒီယာနှင့် စာနယ်ဇင်းဆိုင်ရာပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

“နိုင်ငံတော်အစိုးရကရည်မှန်းထားတဲ့ Clean Government တည်ဆောက်နိုင်ရေးအတွက် အထောက်အကူတစ်ရပ်ဖြစ်စေနိုင်တာ e-Government စနစ်ဖြစ်ပါတယ်၊ ဒီစနစ် ထူထောင်လိုက်မယ်ဆိုရင် Transparency ပိုပြီးဖြစ်တာ မြန်လာမယ်၊ အဲ့ဒီကနေ Briberies,Corruption တွေကို ကာကွယ် ထိန်းကြောင်းနိုင်ဖို့ကို ထူထောင်ချင်လို့ပါ။ e-Mandalay Web Portal ကို အချိန်ကာလ တစ်နှစ်ကျော်ယူပြီးအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါတယ်၊ အဓိကရည်ရွယ်ချက်ကတော့ အစိုးရဌာနတွေက ဝန်ဆောင်မှုပေးလျက်ရှိတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်လို့ သတင်းအချက်အလက်တွေကို တစ်စု တစ်စည်းတည်း အလွယ်တကူလျင်မြန်ချောမွေ့စွာ ရယူနိုင်ဖို့နဲ့ ထိရောက်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်ပါတယ်၊ Web Portal ပေါ်လာပြီဆိုရင်တော့ ဌာနအားလုံးရဲ့ သတင်းအချက်အလက်တွေကို ဒီကနေတစ်ဆင့်ရယူနိုင်ပါတယ်၊ Corruption ပျောက်ဖို့ ချက်ချင်းတော့ မဖြစ် နိုင်သေးပါဘူး၊ နောက်ပိုင်းဒါတွေကို အသုံးပြုပြီးလူတွေများများသိလာတဲ့တစ်နေ့၊ ကျွန်တော်ထင်ပါတယ်၊ သတင်းတွေများများ ပေးနိုင်မယ်ဆိုရင် Corruption အဆင့်မသွားခင် ပွဲစားတော့နည်းသွား လိမ့်မယ်ထင်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

အကျိုးကျေးဇူးအနေဖြင့် လာဘ်ပေးလာဘ်ယူမှုတွေ ကင်းရှင်းစေခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေနိုင်ရန်နှင့် စီမံခန့်ခွဲမှုလုပ်ငန်း များအတွက် အကျိုးကျေးဇူး သက်ရောက်မှုရှိစေခြင်း၊ လူ့စွမ်းအားများ အချိန်များမလိုအပ်ပဲ ဆုံးရှုံးနေရခြင်းကို လျော့နည်းသွားစေခြင်း၊ မသန်စွမ်းသော လူပုဂ္ဂိုလ်တွေအတွက်လည်း အဆင်ပြေစေခြင်း၊ ရုံးဖွင့်ရက်နှင့်ကြားရက်များတွင် မအားလပ်သော ဝန်ထမ်းများအတွက်လည်း အဆင်ပြေစေခြင်းနှင့် ယာဉ်ကြောရှုပ်ထွေမှုများ လျော့နည်းသွားစေခြင်းတို့ကို ရရှိစေမှာဖြစ်ကြောင်း၊ e-Mandalay Web Portal ၏ပြီးစီးမှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ကျန်ရှိသောအစိုးရဌာနများ၏ သတင်းအချက်အလက်များကိုလည်း အချိန်ယူပြီး တင်ပြနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း၊ Clean Government တစ်ရပ်ကိုအထောက်အကူဖြစ်သော လုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ထို့နောက် e-Governmentစနစ်ကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက e-Mandalay Web Portal နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့သည်။

e-Mandalay Web Portal ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွက် ကိုယ်ပိုင် Data Center မရှိသေးသည့်အတွက် Hosting Server များကို တစ်ကမ္ဘာလုံးယုံကြည်စိတ်ချစွာ သုံးစွဲကြသည့် ကမ္ဘာ့အဆင့်မီတည်ဆောက်ထားသော Data Center မှ မိမိတို့လိုသလောက်ငှားရမ်း အသုံးပြုထားပြီး၊ e-Mandalay Web Portal ရေးသားရန်အတွက် စင်ကာပူရှိ Cloud Server ဖြစ်သော VPS(Virtual Private Server)တစ်လုံးကို အသုံးပြုထားခြင်းဖြစ်သည်။

ယင်းတွင် ထည့်သွင်းထားသော အကြောင်းအရာများမှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ e-Govနှင့် ပတ်သက်သော သတင်းများ၊ ဦးစီးဌာနပေါင်း ၁၆၀ ဝန်းကျင်တို့၏ ဖွဲ့စည်းပုံ Logo၊ အဓိကတာဝန်များ တည်နေရာ၊ ဆက်သွယ်ရန် ဖုန်း၊ e-mail,website များ၊ ဌာနတစ်ခုချင်းစီ၏ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပြင် Topic အမျိုးအစားပေါင်း(၃၀၀)ဝန်းကျင်နှင့် ယင်းတို့နှင့်သက်ဆိုင်ရာလျောက်လွှာဖောင်များနှင့် အများပြည်သူဖြည့်သွင်းရမည့် အချက်အလက်များကို ကြိုတင် download ရယူနိုင်ရန် ထည့်သွင်းဖော်ပြထားမည်ဖြစ်သည်။

e-Mandalay Web Portal ကို Pilot Project အနေဖြင့် ဝန်ကြီးဌာန (၅)ခု(ဆက်စပ်ဝန်ကြီးဌာန ၉ခု)နှင့် ၎င်းတို့အောက်ရှိ ဌာန ရ၀ ဝန်းကျင်၊ Topic ပေါင်း (၁၉၉) ခုတို့ဖြင့် စတင်လွှင့်တင်နိုင်ရန် စီစဉ်ထားပြီး ယခုနှစ်အတွင်း ကျန်ရှိသော ဝန်ကြီးဌာန အချက်အလက်များကို ဖော်ပြနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ e-Mandalay App ကို Google Play Store တွင် download ရယူအသုံးပြုနိုင်ကြောင်း သိရသည်။