Category:

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်

ရခိုင်ပြည်နယ်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်ကြမည့် မန္တလေးတိုင်းဒေသကြီး အတွင်းမှ Volunteer ကျန်းမာရေးဝန်ထမ်း ၃၅ ဦးသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းက မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း၏ အထူးလေယာဉ်ဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြသည်။

အဆိုပါအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ပထမအကြိမ်သွားရောက်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရမည့်အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်နှင့် တာဝန်ရှိသူများက အဆိုပါ လေဆိပ်သို့ သွားရောက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းအဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနရှိ ခရိုင်၊ မြို့နယ်၊ တိုက်နယ်ဆေးရုံများမှ လက်ထောက်ဆရာဝန် ၄ ဦး၊ သူနာပြု ၂၈ ဦး၊ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းနှင့် ဆေးဘက်ကျွမ်းကျင်ဝန်ထမ်း ၃ ဦးတို့ပါဝင်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ရှိ ဆေးရုံများတွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။