Category:

                         ပြည်သူများသိရှိစေရန် အသိပေးကြေညာချက်

ရက်စွဲ၊ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၁ ရက်

၁။       ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ Coronavirus Disease 2019 (COVID-19)အား ကမ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် သတ်မှတ်ကြေညာခဲ့ပြီးနောက် COVID-19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါသည်။

၂။         COVID - 19 ရောဂါနှင့်ပတ်သက်၍ WHO၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သဖြင့် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းမှာ မိမိအိမ်တွင် နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိခြင်းတို့ဖြစ်ပါသည်။ မဖြစ်မနေ အပြင်သို့ သွားရောက်သည့်အခါတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်၍ သွားရောက်ရန် လိုအပ်ပါသည်။

၃။         မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အတိုင်းအတာတစ်ရပ်အထိ ဆောင်ရွက်နိုင်ပြီဖြစ်သည့်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအစီအစဉ်ဖြင့် ဖွင့်လှစ်သည့် သင်တန်းများအနက် မဖြစ်မနေဖွင့်လှစ်ရန် လိုအပ်သည့်သင်တန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည် ဖြစ်ပါသည်။

၄။         မန္တလေးတိုင်းဒေသကြီးအတွင်း လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ ပန်းခြံများ၊ စကိတ်ကွင်း၊ ဖူဆယ်ကွင်း၊ ဘောလုံးကွင်း၊ ကိုယ်ကာယကြံ့ခိုင်မှုဝန်ဆောင်မှုလုပ်ငန်းများ၊ Spa အလှပြင်ဆိုင်၊ အကြောပြင်လုပ်ငန်း၊ နိုက်ကလပ်၊ ကာရာအိုကေ/စင်တင်တေးဂီတ၊ စတိတ်ရှိုးပွဲများ၊ ဗွီဒီယိုရုံများ၊ ရုပ်ရှင်ရုံများ၊ တရားပွဲ/စခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးပွဲများ၊ ဘုရားများ၊ Church ကျောင်းများ၊ ဗလီ/နေအိမ်အတွင်း စုဝေးဝတ်ပြုဆုတောင်းခြင်းများ ခေတ္တယာယီ ပိတ်သိမ်းထားရန်နှင့် ပိတ်သိမ်းခြင်းမပြုပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၅။      မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချနေသည့် စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ Bar များစသည့် အစားအသောက်ရောင်းချသည့်ဆိုင်များအားလုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ သတ်မှတ်စည်းကမ်းနှင့်အညီ စနစ်တကျ ဆောင်ရွက်စေပြီး ဖွင့်လှစ်ခွင့်ပြုပေးသွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက ပထမအကြိမ်သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါက ဒဏ်ငွေချမှတ်ခြင်း၊ တတိယအကြိမ် မလိုက်နာပါက ကာလအကန့်အသတ်တစ်ခုအထိ ပိတ်သိမ်းသွားရန်နှင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာပြင်ဆင်ဆောင်ရွက်ပြီးကြောင်းတင်ပြလာပါက စစ်ဆေးမှုများပြုလုပ်၍ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်မှုရှိမှသာပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားရန် ဖြစ်ပါသည်။

၆။         မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်/ထွက်သွားလာနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိသူများပြားသည့်ဒေသမှ ဝင်/ထွက် သွားလာနေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများမှအပ ကျန်အခြားဒေသမှ ဝင်/ထွက် သွားလာ နေသည့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စံသတ် မှတ်ချက်၊ လမ်းညွှန်ချက်၊ အကြံပြုသတ်မှတ်ချက်တို့နှင့်အညီ စနစ်တကျ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ယာဉ်ပေါ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Physical Distancing၊ Mask တပ်ဆင်ခြင်း၊ Sanitizer ထားရှိခြင်း (ယာဉ်အား ခရီးမထွက်ခွာမီ ပိုးသန့်စင်ရပါမည်) စသည့် စည်းကမ်းချက်များအတိုင်း လိုက်ပါစီးနင်းစေရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၇။         မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်/မြို့/ရပ်ကွက်နှင့်ကျေးရွာများသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးပြင်ပ ရောဂါပိုးတွေ့ရှိသူများပြားသည့်ဒေသမှ လာရောက်သူအားလုံးကို Facility Quarantine (၂၁)ရက်နှင့် Home Quarantine(၇)ရက် ထားရှိဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၈။         မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Coronavirus Disease 2019(COVID-19) ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူ ဖြစ်စေရန်အတွက် နေ့စဉ် ည(၁၂)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ Curfew အမိန့်များကိုဆက်လက်ထားရှိဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည် ဖြစ်ပါသည်။

၉။      သို့ဖြစ်ပါ၍ အများပြည်သူအနေဖြင့် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်းများကို အမျိုးသားရေးအသွင်အဖြစ်မှတ်ယူပြီး လမ်းညွှန်ချက်များ၊ တားမြစ်ကန့်သတ်ချက်များကို (၁-၆-၂၀၂၀)ရက်မှစတင်၍ (၁၅-၆-၂၀၂၀)ရက်အထိ လိုက်နာဆောင်ရွက်ပေးပါရန်နှင့် (၁၅-၅-၂၀၂၀) ရက်တွင် ထုတ်ပြန်ခဲ့သည့် ပြည်သူများသိရှိစေရန် သတိပေးကြေညာချက်အား ဤသတိပေးကြေညာချက်ဖြင့် လွှမ်းမိုးပယ်ဖျက်ပါကြောင်း ပြည်သူများသိရှိစေရန် သတိပေးကြေညာချက် ထုတ်ပြန်အပ်ပါသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရ